နေပြည်တော် ဩဂုတ် ၁၀
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ်(Com-mander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှတိုင်းမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ လက်ရေတစ်ပြင်တည်းသုံးဆောင်ခဲ့ကြသည်။
အလားတူ တပ်နယ်အသီးသီးမှ တပ်မတော်အရာရှိကြီးများကလည်း ၎င်းတို့၏ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်