နေပြည်တော် ဇွန် ၁၇
သရုပ်ပြ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများတည်ထောင်ခြင်းစီမံကိန်း(FD-MKCF)နှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖွံ့ဖြိုးစေခြင်း စီမံကိန်း(FD-MLC)များဆိုင်ရာ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က သစ်တောဦးစီးဌာနအနေဖြင့် ပြည်ပအဖွဲ့အစည်းများမှပံ့ပိုးသည့် ရန်ပုံငွေများဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း ၂၂ ခုရှိပြီး သစ်တောဦးစီးဌာနမှ ရန်ပုံငွေတိုက်ရိုက်သုံးစွဲသည့်စီမံကိန်းများမှာ ယနေ့အစည်းအဝေးကျင်းပသည့် စီမံကိန်းနှစ်ခုအပါအဝင် ၁၁ ခု ရှိပြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့်သုတေသီများက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်သစ်တောဦးစီးဌာနများနှင့် လက်တွေ့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး လက်ရှိနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအထောက်အပံ့ဖြင့် သရုပ်ပြ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်းစီမံကိန်း (FD-MKCF)ကို ရှမ်းပြည်နယ်နှင့် နေပြည်တော်တွင်လည်းကောင်း၊ မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း(FD-MLC)ကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်