Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် မတ် ၂၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

 

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရပါတယ်။

“ကျွန်တော်လည်း နိုင်ငံသားတစ်ယောက်တာဝန်ကျေဖို့အတွက် စစ်မှုထမ်းကို လာရောက်တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ကျွန်တော်လည်း စစ်မှုထမ်းချင်တာလည်း ပါပါတယ်။ ဘယ်လိုခံယူထားလဲဆိုရင် တပ်မတော်သားတစ်ယာက်ဖြစ်သွားရင်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ ဆရာတွေ/ နည်းပြတွေသင်ကြားပြသပေးတဲ့အတိုင်း ကောင်းကောင်းမွန်မွန် လေ့လာသင်ယူသွားမယ်လို့ ခံယူထားပါတယ်။ ကိုယ့်နိုင်ငံမှာ အခုလိုတာဝန်ထမ်းဆောင်တာတော့ ကိုယ်ကိုယ်တိုင်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ အများပြည်သူလည်း ထမ်းဆောင်သင့်ပါတယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ ပြောရရင် ၂ နှစ်ပေါ့၊ ၂ နှစ်ထက် ကျော်ရင်လဲကျော်သွားမှာပေါ့။ ကျွန်တော်ထပ်ပြီးတာဝန်ထမ်းဆောင်ဖို့လည်း ရှိပါတယ်။ မိသားစုဆွေမျိုးတွေကတော့ ကျွန်တော်စစ်သားဖြစ်သွားလို့ ဂုဏ်ယူဖို့ပေါ့ ဒါပဲပြောချင်ပါတယ်။ တပ်မတော်သား တစ်ယောက်ဖြစ်သွားတဲ့အတွက် ကိုယ့်ကိုယ်လည်းဂုဏ်ယူပါတယ်။ ဒီလို ပြည်သူ့စစ်တာဝန်ထမ်းဆောင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ ကျန်တဲ့နိုင်ငံသားတိုင်း၊ အကုန်လုံးတာဝန်ထမ်းဆောင်ဖို့အတွက် အကြံပြုချင်ပါတယ်”

“ဝင်ချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့လာခဲ့တာ။ ကိုယ့်အိမ်ကလည်း သဘောတူတာပေါ့။ နောက်ကမိသားစုကလည်း ကိုယ်ဒီထဲကိုဝင်လာတဲ့အတွက် ကိုယ့်ကိုယ်ဂုဏ်ယူပေးတယ်။ ကိုယ်ကလည်း ဒီထဲရောက်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပီတိဖြစ်မိတယ်။ ကိုယ့်ဝါသနာနဲ့ ကိုယ်လာတာဆိုတော့ ပိုပြီးတော့လည်း ပျော်မိတယ်။ ကိုယ်ကလည်း အရမ်းဝါသနာပါတာဆိုတော့ မိဘတွေလည်း ဂုဏ်ယူပါတယ်။ သင်ကြားပေးတဲ့ ဆရာသမားတွေရဲ့ သင်တန်းသားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားမှာပါ။ စစ်မှုထမ်းရမယ့် လူငယ်တိုင်းလည်း ဒီကနေပြီးတော့ ဖိတ်ခေါ်ပါတယ်”