Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ ခဲသတ္တုများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇွန် ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်မှ ၁၃ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်နှင့် မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်နှင့် မြိတ်မြို့နယ်တို့အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ဓာတ်မြေသြဇာ ၈၀၃ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၂၄၀၀၀၀)နှင့် ဘိလပ်မြေ ၃၂၅၇ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၇၄၀၀)ကို အကောက်ခွန်ဥပဒေဖြင့် လည်းကောင်း၊ မြိတ်မြို့နယ်အတွင်း တရားမဝင် ခဲသတ္တု ၉ ဒသမ ၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၂၁၉၀၀၀၀)ကို မြန်မာ့သတ္တုတွင်း ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၁၃၇၄၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်အတွင်း တရားမဝင် စက်သုံးဆီဂါလန် ၂၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဖော့ဖိနပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက်တွင် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၆၁၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၅ ဒသမ ၂၂၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၀၄၆၄)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၃၁၄၆၄)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ခန္တီးမြို့နယ်တို့အတွင်း လိုင်စင်မဲ့ ယာဉ်သုံးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၈၂၆၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၈၆၂)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄၉၉၈၇၂၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်