Skip to main content

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဇွန် ၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်သို့ သွားရောက်၍ ဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ညောင်နှစ်ပင်စိုက်ကွင်း အစည်းအဝေးခန်းမ၌ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဇုန်အလိုက် စီမံခန့်ခွဲရေးကော်မတီများ၊ အနီးကပ်ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဇုန်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးကြသည်။

ပေါင်းစပ်ညှိနှိုင်း

ထို့နောက် ဇုန်(၁)၊ (၂)၊ (၃)တို့မှ တာဝန်ရှိသူများက ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အထူးဇုန်(၁) ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ အထူးဇုန်(၁) စီမံခန့်ခွဲရေးကော်မတီရုံးကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အထူးဇုန်(၂) စီမံခန့်ခွဲရေးကော်မတီရုံး အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းရန်၊ ရုံးဝန်းကျင် မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်နှင့် အပင်ကြီးများ အလင်းဖွင့်ရန် မှာကြားပြီး အထူးဇုန်(၂) အကွက်အမှတ် C-133 အတွင်း ဆောင်ရွက်ထားသော လျှော်ဖြူစိုက်ကွင်းနှင့် ကြက်မွေးမြူရေးခြံအတွင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်သည် ရန်ကုန်မြို့တော်နေပြည်သူများ သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် ဖူလုံစေရေးအတွက် တစ်ယူနစ်လျှင် ငါးဧက အကျယ်အဝန်းရှိ မြေနေရာများဖော်ထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အထူးဇုန်(၁)သည် ဧက ၃၇၈၀၊ အထူးဇုန်(၂)သည် ၄၉၀၁ ဧက၊ အထူးဇုန်(၃)သည် ၃၇၇၂ ဧက ကျယ်ဝန်းသည်။ ယခုအခါ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးကြပ်၍ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်