နေပြည်တော် ဇွန် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတို့သည် ယနေ့နံနက်ပိုင်း က နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
အဆိုပါ လေ့လာရေး အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်း ဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှု များအပြင် ပင်မ အဆောက်အဦအတွင်း ရုပ်သံ ထုတ်လွှင့်မှု လုပ်ငန်းများအား လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများသည် အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂)ကို ဇွန်လ ၆ ရက်မှ ၁၇ ရက်အထိ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ၂၂ ဦးဖြင့် လည်းကောင်း၊ E – Library Management System Software အသုံးပြု နည်းသင်တန်း (၂/၂၀၂၂)သို့ ဇွန်လ ၆ ရက်မှ ၁၀ အထိ သင်တန်းသား သင်တန်းသူ ၃၀ ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်ပြီး ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။
သတင်းစဉ်