နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်တစ်ရပ်ရှိသည်။ တပ်မတော်တိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ အဓိက တာဝန်မှာ ကာကွယ်ရေးတာဝန်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၌ လူမျိုး၊ နယ်ပယ်၊ အစိုးရ၊ အချုပ်အခြာအာဏာဟူသည့် အင်္ဂါရပ်လေးခုရှိရာ ထိုအင်္ဂါရပ်လေးခုကို ထိပါးလာသည့် အန္တရာယ်ဟူသမျှအား တပ်မတော်သည် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။
နိုင်ငံတော်အပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်ဆိုသည်မှာ စစ်ရေးသက်သက်သာမဟုတ်ပေ။ နိုင်ငံရေးအပိုင်းမှသော်လည်းကောင်း၊ စီးပွားရေး အပိုင်းမှသော်လည်းကောင်း အဘက်ဘက်မှ ကျရောက်လာနိုင်ပါသည်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် လူမျိုး၊ နယ်ပယ်၊ အစိုးရနှင့် အချုပ်အခြာအာဏာဟူသည့် အင်္ဂါရပ်ကြီး တစ်ခုစီတစ်ခုစီ လျော့နည်း၊ ယိုယွင်း၊ ပျက်စီးထိပါးခြင်းခံရပါက နိုင်ငံတွင် အလွန်ကြီးမားသော အန္တရာယ်ကျရောက်လာ နိုင်ပါသည်။ ထိုအန္တရာယ်များ ထိပါးခြင်းမခံရစေရန် အမျိုးသားရေး တာဝန်အဖြစ်ခံယူ၍ ကာကွယ် စောင့်ရှောက်ရပါသည်။
စွက်ဖက်သိမ်းပိုက်ရန်ကြံစည်
တပ်မတော်သားတိုင်းသည် ပါတီနိုင်ငံရေး၊ ပုဂ္ဂိုလ်နိုင်ငံရေးတို့တွင် စွက်ဖက်မည်မဟုတ်သော်လည်း နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ကိုမူ မျက်ခြည်မပြတ်စောင့်ကြည့်နေရမည်ဖြစ်ပါသည်။ ကမ္ဘာ့ နိုင်ငံရေးသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတို့ကို လေ့လာကြည့်လျှင် တိုင်းပြည်တစ်ပြည်အား တိုက်ရိုက် နည်းဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ စွက်ဖက်သိမ်းပိုက်နိုင်ရန်အတွက် သာသနာပြုဆိုင်ရာ (Missionary), ကုန်သည်ဆိုင်ရာ (Merchant) စစ်ရေးဆိုင်ရာ (Military) ဟူသည့် (MMM) နည်းလမ်းသုံးသွယ်ဖြင့် ကြံစည်ကြိုးပမ်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
အတိတ်ကာလက နယ်ချဲ့နည်းပရိယာယ်များကို လေ့လာကြည့်လျှင် သင်ခန်းစာယူစရာများ တွေ့နိုင်ပါသည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်တွင်း/ ပြည်ပ ရန်စွယ်အန္တရာယ်တို့သာမက စီးပွားရေးဆိုင်ရာ၊ အမျိုးဘာသာ သာသနာဆိုင်ရာ ကျရောက်လာမည့် အန္တရာယ်အသွယ်သွယ်တို့ကို လည်း ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်။ မျက်မှောက်ကာလ အခြေအနေများကို ကြည့်မည်ဆိုလျှင် နိုင်ငံတော်၏အရေးပါသော အင်္ဂါရပ်ကြီး လေးခုကို တစ်မျိုးမျိုး၊ တစ်နည်းနည်းဖြင့် ထိပါး နှောင့်ယှက်နေသည်ကို တွေ့ရမည်ဖြစ် သည်။
ထိန်းသိမ်းကာကွယ်ပေး
အနောက်နိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တည်ဆဲအစိုးရအား ပြုတ်ကျစေရန် နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့သည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုး လှုံ့ဆော်မှုများပြုလုပ်ပြီး ဆူပူအကြမ်းဖက်သောင်းကျန်းမှုများ၊ အစိုးရ ယန္တရားရပ်တန့်စေရန် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှု ပြုလုပ်စေခြင်းများ၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမ ဖြစ်စေရန် ဖန်တီးမှုများ၊ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြတ်တောက်စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်မှုများပြုလုပ်ခဲ့သည်။ ဆူပူဆန္ဒပြမှုမှ ဆူပူအကြမ်းဖက်မှုများ၊ ဆူပူ အကြမ်းဖက်မှုမှ လက်နက်ကိုင်သောင်းကျန်းမှုအထိ တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်လုပ်ကိုင်လာခဲ့သည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတော်အပေါ်ကြီးမားစွာ ကျရောက်လာနိုင်သည့်အန္တရာယ်များဖြစ်၍ တပ်မတော်သည် ထိန်းသိမ်းကာကွယ်ပေးလျက်ရှိသည်။
တစ်ဖက်တွင်လည်း တပ်မတော်ပြိုကွဲစေရန် နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ကြံလာသည်ကိုတွေ့ရသည်။ တပ်မတော်တွင် ဥပဒေ ဖောက်ဖျက် ကျူးလွန်ပြီး အရေးယူခံရမည်ကိုကြောက်ရွံ့၍ စစ်ပြေးအမှု ကျူးလွန်သော အရာရှိ၊ စစ်သည်အချို့ကို မီဒီယာနည်းလမ်းကိုသုံး၍ ဒီမိုကရေစီ သူရဲကောင်းဟု မြှောက်ပင့်ပေးပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှုကို ချိုးဖျက်နေမှုများအား တွေ့ရမည်ဖြစ်သည်။ စစ်ဆင်ရေး ရှုံးနိမ့်နေပြီ၊ တပ်မတော်သားများ ကျဆုံး၊ ဖမ်းဆီးရမိနေပြီ စသည်ဖြင့် တပ်မတော်ကို အင်အားချည့်နဲ့စေရန် ဦးတည်ဖန်တီးလုပ်ဆောင်နေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထို့အပြင် နယ်မြေအလိုက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်၍ စစ်ရေးအရခြိမ်းခြောက်ရန် ကြိုးစားလာသည်။
ကြီးမားသောအန္တရာယ်များ
အမျိုးသားသစ္စာဖောက်များနှင့် အကြမ်းဖက်သောင်းကျန်းသူ များသည် လူမျိုး၏ စည်းလုံးညီညွတ်မှုကို ထိပါးခြင်း၊ ယိုယွင်းပျက်စီးစေခြင်း၊ လူမျိုး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးခြင်း၊ ယိုယွင်း ပျက်စီးစေခြင်းအမှုများကို ကျူးလွန်နေကြသည်။ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားသော CRPH ၊ NUG နှင့် PDF တို့သည် နိုင်ငံတော် အစိုးရ၏အာဏာကို ထိပါးခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုကိစ္စများ မထိရောက်စေရန် နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ကာ ဆန့်ကျင်ခြင်း၊ အစိုးရအပေါ် ပြည်သူလူထုယုံကြည်မှု ပျက်ပြားစေရန် မတရား ယိုးစွပ်ခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုန်ကန်ခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ သောင်းကျန်းသူ အဖျက်သမားကို အားပေးခြင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသောဥပဒေများကို ဖောက်ဖျက်စေခြင်း၊ မလိုက်နာစေခြင်း၊ အစိုးရအား နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခြင်း တို့သည် နိုင်ငံတော်အတွက် ကြီးမားသောအန္တရာယ်များဖြစ်သည်။
ပြည်တွင်းမှ အကြမ်းဖက်သမား၊ အမျိုးသားသစ္စာဖောက်များက ဤသို့ပြုလုပ်နေချိန်တွင် နယ်ချဲ့ လက်သစ်၊ လက်ဝေခံ ပြည်ပနိုင်ငံ အချို့ အထူးသဖြင့် အနောက်နိုင်ငံကြီးအချို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ အကြမ်းဖက် အဖျက်သမားများအား အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်းတို့သာမက နိုင်ငံတကာဆက်ဆံရေး၊ အခွင့်အရေးများကို နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ဟန့်တားခြင်း၊ လျော့နည်းဆုံးရှုံးစေခြင်းတို့အား ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက် နေခြင်းဖြစ်ပါသည်။
ကျစ်လျစ်ခိုင်မာစွာရပ်တည်
မည်သို့ပင် အကျပ်ကိုင်ဖိအားပေးနေသော်လည်း နိုင်ငံတကာ ဆက်ဆံရေးတွင် ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာဆုပ်ကိုင်၍ နိုင်ငံ၏အချုပ်အခြာ အာဏာကို အထိပါးမခံဘဲ ဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်၍တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကိုရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံများအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ ဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်သမားများနှင့် အမျိုးသားသစ္စာဖောက်များက မည်သို့ပင် သွေးခွဲမှုများရှိစေကာမူတပ်မတော်၏ စည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လျစ်ခိုင်မာ စွာ ရပ်တည်လျက်ရှိပါ သည်
တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် နောက်ဆုံးအချက်ပါ အတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီလွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးပြီးနောက် ဖော်ပြခဲ့သည့် အမျိုးသားရေးတာဝန်များနှင့် နိုင်ငံတော်အပေါ်ကျရောက်လာ နိုင်သည့် အန္တရာယ်အသွယ်သွယ်တို့ကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပါသည်။
အစဉ်အမြဲသစ္စာစောင့်သိ
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထု အတွင်းမှပေါက်ဖွားလာသော တပ်မတော်ဖြစ်ပါသည်။ မြန်မာ့တပ်မတော် သမိုင်းတွင် လွတ်လပ်ရေးရလုဆဲဆဲကာလ၌ တပ်မတော်အတွင်းမှ အင်အားစုအချို့ကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နယ်ချဲ့တို့က စည်းရုံး သိမ်းသွင်းဖယ်ထုတ် ခြင်းမှလွဲ၍ နိုင်ငံရေးအယူအဆကြောင့် တပ်မတော် အတွင်း ကွဲပြားခြင်းမရှိခဲ့ပေ။ တစည်းတလုံးတည်း အစဉ်ရှိနေသော အဖွဲ့အစည်းကိုပြပါဆိုလျှင်တပ်မတော်ကိုပင် ညွှန်းဆိုရမည်ဖြစ်သည်။ တပ်မတော် သည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအား အစဉ် အမြဲသစ္စာစောင့်သိခဲ့ပါသည်။
လွတ်လပ်ရေးရပြီးစ ရန်ကုန်မြို့ကို သောင်းကျန်းသူများက ဝိုင်းနေခဲ့ချိန်၊ နိုင်ငံ၏ဒုတိယမြို့တော် ဖြစ်သော မန္တလေးမြို့ကို သောင်းကျန်းသူသုံးမျိုးက သိမ်းပိုက်ထားချိန်၊ အခြားမြို့များကိုလည်း သောင်းကျန်းသူမျိုးစုံက သိမ်းပိုက်ထားချိန် ထိုအခြေအနေဆိုးမှ ကျော်လွှားနိုင်အောင် တပ်မတော်သည် တွန်းလှန်တိုက်ခိုက်၍ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့ကာလ အထိ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ခေတ်အဆက်ဆက် အစိုးရများနှင့် တိုင်းရင်းသားပြည်သူများ အပေါ်တွင် အစဉ်အမြဲသစ္စာစောင့်သိခဲ့သည်။ တပ်မတော်သည်တိုင်းပြည်အပေါ် သစ္စာဖောက်သူ၊ နိုင်ငံတော်ကို ပုန်ကန်ခြားနားဆန့်ကျင်သူများမှလွဲ၍ တိုင်းရင်းသားပြည်သူများအား အစဉ်အမြဲ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။
ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်
တပ်မတော်သည် တိုင်းရင်းသားပြည်သူများ၏အကျိုးကို အစဉ်အမြဲဦးထိပ် ထားခဲ့သည်ချည်းဖြစ် သည်။ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာသော၊ နယ်မြေအေးချမ်းသာယာရေးကို နှောင့်ယှက်လာသူများကို တိုက်ခိုက်ခြင်းသည် ရှမ်း၊ ချင်း၊ ကချင်၊ ကရင် စသည့် တိုင်းရင်းသား လူမျိုးများ တိုက်ခိုက်နေခြင်းမဟုတ်ပေ။ တိုင်းပြည် ငြိမ်းချမ်းရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှု များကို ကာကွယ်နေခြင်းသာဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် ရံဖန်ရံခါထိတွေ့မှုအချို့ ရှိနေသော်လည်း အကြမ်းဖက်သမားများမှအပ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ညီအစ်ကိုမောင်နှမအရင်းကဲ့သို့ သဘောထားပြီး ငြိမ်းချမ်းရေး မေတ္တာတံခါးကို အမြဲဖွင့်လှစ်ပေးထားသည်။
ယခုအခါ ပြည်တွင်း/ပြည်ပ မသမာသူ အမျိုးသားသစ္စာဖောက်များက တပ်မတော်ကို အမျိုးမျိုးအဖုံဖုံ သွေးခွဲရန် ကြံစည်လုပ်ဆောင်မှုများ တွေ့နေရ သည်။ အမျိုးမျိုးသော ပုတ်ခတ်စွပ်စွဲမှုများ ပြုလုပ်လျက် သွေးကွဲအောင်ကြံဆောင်နေကြသည်။ တပ်မတော်၏ခံယူချက်မှာ တိုင်းရင်းသားပြည်သူ အားလုံး၏ အကျိုးစီးပွားကို အစဉ်အမြဲရှေးရှုပြီး ပင်မတာဝန်ကြီးများဖြစ်သော အရေးသုံးပါးကို ဦးထိပ်ထား လျက်ရှိသည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသောသူများဖြစ်ကြောင်း အလုပ်နှင့် သက်သေပြ လျက်ရှိသည်။ အစဉ်အလာအရလည်း တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာစောင့်သိခဲ့သည်။ တိုင်းရင်းသား ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်ပြီး တပ်မတော်ကို အမုန်းပွား အောင်ပြုလုပ်သော်လည်း တပ်မတော်သည် တိုင်းရင်းသား ပြည်သူများအပေါ် အမုန်းမဖက်ဘဲ မိသားစုအချင်းချင်းသဖွယ် အပြုံးဖက်၍ မေတ္တာမပျက်ဘဲ အကျိုးရွက်ဆောင်လျက်ရှိသည်။
အစဉ်ထာဝရအလုပ်အကျွေးပြု
နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်တစ်ရပ်သာရှိသည်။ တိုင်းပြည်တစ်ခုလုံး၏ အင်္ဂါရပ်များဖြစ်သော လူမျိုး၊ နယ်ပယ်၊ အစိုးရနှင့် အချုပ်အခြာအာဏာကို အကာအကွယ်ပေးနိုင်သည်မှာ တစ်ခုတည်းသော တပ်မတော်သာဖြစ်သည်။ တပ်မတော်မရှိလျှင် တိုင်းပြည်ရှိနိုင်မည်မဟုတ် ပါ။ တပ်မတော်ရှိ၍ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော် သည် တိုင်းပြည်တစ်ပြည်တွင် အရေးအကြီးဆုံး၊ အမွန်မြတ်ဆုံး ၊ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ တိုင်းပြည်ကာကွယ်ရေး အင်အားစုကြီးသည် တစ်ခုတည်းနှင့် တစည်းတလုံးတည်း ဖြစ်ရပါမည်။ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ရဲတပ်ဖွဲ့ စသည့် တပ်ဖွဲ့အမျိုးမျိုးရှိသော်လည်း အားလုံးသည် တစ်ခုတည်းသောတပ်မတော်၏ ကျစ်လျစ်ခိုင်မာ သိပ်သည်းသော အဖွဲ့အစည်းတစ်ခုတည်းပင်ဖြစ်ပါ သည်။
တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးတို့အပေါ်တွင် သစ္စာစောင့်သိသော အဖွဲ့အစည်းဖြစ်ပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အောက်တွင် တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ရပ်တည်နေသည်။ မြန်မာ့တပ်မတော်သည် ဤသို့ ဂုဏ်အင်္ဂါအရည်အချင်း၊ ဝိသေသ လက္ခဏာများနှင့်ပြည့်စုံပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ထိပါးလာသောသူများအပေါ်တွင် နေလို၊ မီးလို ကျင့်သုံးပြီး တိုင်းရင်းသားမိဘညီအစ်ကို မောင်နှမများအပေါ်တွင် ရေလို၊ ပန်းလိုကျင့်သုံးလျက်ရှိသည်။ ။
တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် အစဉ်ထာဝရအလုပ်အကျွေးပြု၍ အသက်သွေးချွေး မနှေးပေးဆပ်နေ မည်ဖြစ်ပါ သတည်း။ ။
အညတြ