Skip to main content

ရန်ကုန်မြို့ရှိ တက္ကစီအရောင်းအဝယ်ဈေးကွက်၌ ဆီစားသက်သာသော ကားလေးများအပါအဝင် ဂက်စ်ကားများအား ကြိုက်ရောင်း ကြိုက်ဝယ်မှုများ ရှိလာ

 ရန်ကုန် မတ် ၃

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှု ကြောင့် ရန်ကုန်မြို့ရှိ တက္ကစီအငှားယာဉ် အရောင်း အဝယ်ဈေးကွက်၌ ဆီစားသက်သာသော အင်ဂျင် ပါဝါ660 CC နှင့် 1000 CC ကားလေးများ အပါအဝင် မော်ဒယ်နိမ့် ဂက်စ်ကားများအား ကြိုက်ရောင်း ကြိုက်ဝယ်မှုများရှိလာကြကြောင်း ရန်ကုန်ကား ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

“ဒီရက်ပိုင်းတွေမှာ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေက အဆမတန်မြင့်တက်နေတော့ အင်ဂျင်ပါဝါနည်းတဲ့ 660 CC Suzuki အုပ်စုနဲ့ Dihatsu အမျိုးအစားတွေအပါအဝင် အင်ဂျင်ပါဝါသေးတဲ့ တိုယိုတာအမျိုးအစား ကားလေးတွေကိုပဲတော်တော် များများက အဝယ်လိုက်လာကြတယ်။ ဓာတ်ဆီသုံး အင်ဂျင်ပါဝါ 1500 CC 1800 cc ဒီဇယ် 2C နဲ့ 3C ယာဉ်တွေကတော့ ဒီကာလမှာ နည်းနည်း အဝယ်အေးနေပြီး CNG သုံး ကားတွေကျပြန်တော့ လည်း အဝယ်လိုက်လာပါတယ်။ ဒါက လက်ရှိ လမ်းကြောင်းပေါ်မှာ အသုံးပြုနေကြတဲ့ ကားတွေရဲ့ ဈေးကွက်ဖြစ်ပြီး ကားကုမ္ပဏီကြီးတွေ၊ စက်ရုံတွေနဲ့ ကားအရောင်းပြခန်း Show Room တွေက ရောင်းတဲ့ အိမ်စီးအသစ်စက်စက် ကားတွေကတော့ ဒီရက်ပိုင်း အရောင်းအဝယ်အေးနေပါတယ်” ဟု ရန်ကုန် ကားဈေးကွက်အသိုင်း အဝိုင်းရှိ ကားအရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

မတ်၃ ရက်နံနက်ပိုင်းတွင် ပြည်တွင်း စက်သုံးဆီ လက်လီဈေးနှုန်းမှာ တစ်လီတာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ရာ စက်သုံးဆီ လက်လီဈေးနှုန်းများ စာရင်းအရ အောက်တိန်း 92 တစ်လီတာလျှင် ၂၀၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၅၅ ကျပ်၊ Diesel တစ်လီတာလျှင် ကျပ် ၂၀၂၀ နှင့် PRIMIUM Diesel တစ်လီတာလျှင် ၂၀၄၅ ကျပ်ရှိကြောင်း သိရပြီး လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း၌ စက်သုံးဆီ လက်လီဈေးနှုန်းများမှာ ယခင်ကာလ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှစ်ဆမက အဆမတန် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်