Skip to main content

စည်ပင်သာယာရေးဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁၀

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥပဒေချုပ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ တက်ရောက်ကြပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့က Online ဖြင့် တက်ရောက်ကြသည်။

အတတ်နိုင်ဆုံးပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းတို့ကို ဖြန့်ဝေထားပါကြောင်း၊ အဆိုပါစည်ပင်သာယာ Model Law ပါ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိဒေသနှင့် လိုက်လျောညီထွေ ရှိသည့်ကိစ္စရပ်များကိုသာ ရွေးချယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြို့တော်စည်ပင်သာယာရေး ဥပဒေများကိုလည်း အတတ်နိုင်ဆုံးပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်၍ ဥပဒေမူကြမ်းပါ ဖော်ပြချက်များတွင် မိမိဒေသနှင့် မကိုက်ညီသောအချက်များနှင့် ထပ်မံဖြည့်စွက်လိုသော အချက်များရှိပါက ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥပဒေချုပ်များနှင့် စည်ပင်သာယာရေးကော်မတီဝင်များက ဥပဒေမူကြမ်းများကို ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်