နေပြည်တော် ဇန်နဝါရီ ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရေးသားပြုစု ထုတ်ဝေသော “ကဗျာစပ်ချင် အတတ်သင်” စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာ ကဗျာ (ဝါ) ဂန္ထဝင်ကဗျာကို ထိန်းသိမ်းစောင့်ရှောက်ရေးတွင် တစ်နိုင်ငံလုံး ပြန့်နှံ့စေသော ကဗျာ စပ်နည်းသင်ပေးခြင်းသည် အခြေခံကျသောနည်းဟု မြင်ပါကြောင်း၊ တစ်ပြိုင်နက်တည်းမှာပင် ကဗျာစပ်နည်းစာအုပ်များ၊ ကဗျာပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပွဲများ ရှိနေရမည် ဖြစ်ပါကြောင်း။
မြန်မာလူငယ်များ ကဗျာစပ်နည်းကိုသိ၍ နှစ်သက်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ကဗျာ၏ အနှစ်သာရကို သိနားလည်စေရန်ရည်ရွယ်၍ ကဗျာစပ်နည်း စာအုပ် ထုတ်ဝေရခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် အုပ်ရေ ၃၅၀၀ ထုတ်ပြီးဖြစ်ပါကြောင်း၊ ယခုဝန်ကြီးဌာန ၃ ခုရှိ စာကြည့်တိုက်များကို လှူဒါန်းရန် အုပ်ရေ ၅၀၀ ထပ်မံပုံနှိပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လှူဒါန်းပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ပညာရေးဝန်ကြီးဌာနအတွက် “ကဗျာစပ်ချင် အတတ်သင်” စာအုပ် (၂၀၀) ကို ဒုတိယဝန်ကြီး ဦးဇော်ဝင်းထံ သို့လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအတွက် စာအုပ် (၅၀) ကို ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးထံသို့ လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအတွက် စာအုပ် (၂၀၀) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းတိုး ထံသို့လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် စာအုပ် (၅၀) ကို ဒုတိယဝန်ကြီး ဦးထွန်းအုံ ထံသို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)