နေပြည်တော်၊ နိုဝင်ဘာ ၂၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၂၀) ရက် နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) သို့ ရောက်ရှိပြီး စက်ရုံခွဲတာဝန်ခံက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃)အထည်စက်ရုံ (စစ်ကိုင်း) သို့ ရောက်ရှိပြီး စက်ရုံမှူးက လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆက်လက် ဆောင်ရွက် မည့် အစီအမံများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာလျင် ဈေးကွက်အတွင်း ယှဉ်ပြိုင် ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လို အပ်ချက်များအား ပြည့်မီစွာ ထုတ်လုပ်၍ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည် များအား အသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်”လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် မိမိထုတ်ကုန် ပစ္စည်းများ ဈေးကွက်ဝေစု ပိုမိုရရှိရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက် လိုအပ်ချက် အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်း များနှင့် ပတ်သက်၍ သုံးစွဲသူများ၏ အကြံပြုချက်များကို အလေးထား၍ ပြုပြင်ထုတ်လုပ် သွားရမည်ဖြစ်ကြောင်း၊ အဝတ်အထည် များအား အရည်အသွေး ကောင်းမွန်ပြီး ဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထုတ်လုပ်ရန် လိုအပ်သလို သုံးစွဲသူများအား ဆွဲဆောင်မှုရှိမည့် ထုပ်ပိုးမှုပုံစံ ဖြစ်အောင် စီမံရမည်ဖြစ်ကြောင်း၊ အထည်စက်ရုံများ လည်ပတ်ဆောင်ရွက်နိုင်လျင် ဝါစိုက်ပျိုးသည်မှ အထည်ချောထွက်ရှိသည်အထိ Supply Chain တစ်ခုလုံးတွင် ဝင်ရောက်လုပ်ကိုင်နေသူတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်၍ ကြိုးစား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မှာကြားပြီး ဝါဖန်ဌာန၊ ဗိုင်းတောင့်ဌာန၊ အပင်ပေါင်းဌာန၊ ချည်ငင်ဌာန၊ ရက်ကန်းဌာနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာန၊ သင်တန်းကျောင်းနှင့် စက်ရုံများ၏ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကုန်ကြမ်း လိုအပ်မှု ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေ အနေနှင့် အဝတ်အထည်ကဏ္ဍ အတွက် လိုအပ်သောချည်နှင့်ပိတ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများအား အခြားဝန်ကြီး ဌာနများသို့ ရောင်းချမည်ဖြစ်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အမှတ်(၃)အထည်စက်ရုံ (စစ်ကိုင်း) နှင့် အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး) တို့အတွက် လိုအပ် လျက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေ ရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ ဝါစိုက်တောင် သူများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဝန်ကြီးဌာနရှိ အထည်စက်ရုံ များအတွက် ဝါကုန်ကြမ်းများ အပြည့်အဝရရှိရေးအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ သဖန်းဆိပ်ဆည်မှ ရေရရှိမှုအခြေ အနေပေါ်မှုတည်၍ ယခုနှစ်နွေရာသီတွင် ချည်မျှင်ရှည် ဝါများ စိုက်ပျိုးနိုင်ရေး စီမံဆောင် ရွက်လျက် ရှိကြောင်း၊ ဝါအထွက်နှုန်းအား သတ်မှတ်ချက် ထက် ကျော်လွန်ထွက်ရှိနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များတွင် လက်တွဲပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် စက်ရုံအလုပ်ရုံများအတွက် လိုအပ်သော လုပ်သားများရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)