ဦးဖိုးကျား
ကျွန်ုပ်သည် အိုင်အေအတန်း၌ ပညာသင်ကြားနေစဉ်သတင်းစာများတွင် မြန်မာမိန်းမများ နောက်ပိတ် ဖိနပ် စီးသင့်၊ မစီးသင့် များစွာရေးကြ၏။ စီးသင့်သည်ဟုစသူကား ရွှေဘိုက မဂျမ်းခင်ဆိုသူဖြစ်သည်။ မစီးသင့် ဟု ပြန်၍ရေးကြသောသူတို့တွင် ကျွန်ုပ်လည်း တစ်ယောက်အပါ အဝင် ဖြစ်၏။
မဂျမ်းခင်၏အရေးအသားတို့မှာ အလွန်စကားလုံးပြောင်၏။ လောကီလောကုတ္တရာ များစွာနှံ့စပ်၏။ ဇွဲကောင်း၏။ ရှုံးရှုံးနိုင်နိုင် လျှော့၍မပေးတတ်ချေ။
ကျွန်ုပ်တွေးသည်ကား ဂျမ်းခင်သည် အထက်အညာသူဖြစ်သည်။ ရွှေဘိုမြို့တော်ကြီးကလည်းဖြစ်သည်။ အာသံလျှာသံ ရေးပုံသုံးပုံ တို့မှာလည်း ဆတ်ဆတ်ကြဲဖြစ်သည်။ သတ္တိခေပုံမရ၊ ပုံပန်းလည်း ညံ့မည်မဟုတ်ချေ။ သူ၏နာမည်နှင့်ပင် ငါသည်ခင်မင်သောစိတ်ရှိ၏။ တွေ့ချင်မြင်ချင်စမ်းပါသည်။ တစ်ကြောင်းလည်း လွန်ခဲ့သောအနှစ် ၁၇၀ လောက်က မြန်မာပြည်ကြီး ဝါးစည်းပြေသကဲ့သို့ရှိစဉ် ရန်သူ တို့ကိုနှိမ်နင်း၍ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်တည်ထောင်ပေး တော်မူခဲ့သော ကျေးဇူးရှင်အလောင်းဘုရား ဦးအောင်ဇေယျ၏ ဖွားတော်မူရာ အောင်မြေအရပ်ကို ရောက်ကြည့်ချင်၊ သိချင်သောစိတ် ကလည်း ယိုဖိတ်အားကြီး တားဆီးမရဖြစ်သည်။ ဤသို့အားဖြင့် (၁) အောင်မြေရွှေဘိုသို့ရောက်ရန်တစ်ကြောင်း၊ (၂) မဂျမ်းခင်ကို တွေ့ရန်တစ်ကြောင်း၊ (၃) ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား စသည်တို့ကို ရွတ်ပုံဆိုပုံတို့ကို တတ်ကျွမ်းနားလည်သော အဝေးရောက်မင်းထံသို့ လည်း ချဉ်းကပ်၍ ပညာယူရန်တစ်ကြောင်း၊ (၄) အညာဆီ၌ ရတတ် သမျှသော ဗဟုသုတတို့ကို စုဆောင်းရန်တစ်ကြောင်း၊ ဤအကြောင်း တို့ကို အခြေပြု၍ ရထားဖြင့် ဆန်တက်သွားလေသတည်း။
လမ်းခရီးစစ်ကိုင်း၌ပြင်ဘက်ကကွေ့၍ရထားစီးသွားရသောအခါ စစ်ကိုင်းတောင်ပေါ်ရှိ များစွာသောင်း သောင်း စေတီပေါင်းနှင့် တင့်တောင့်တင့်တယ်ကြီးငယ်ပြာသာဒ်အထပ်ထပ်သော တန်ဆောင်း တို့ကလည်း ရှုမညောင်းဖြစ်ပေ၏။ ဘုရားဒါယကာဖြစ်သော ရှေးမင်း ကောင်းမင်းမွန်တို့ကို အလွန်လွမ်းထိုက်လှ၏။ လက်ယာဘက်က စစ်ကိုင်းတောင်ရိုးကြီး၊ လက်ဝဲဘက်ကကောင်းမှုတော် စေတီကြီးတို့ကို တွေ့မြင်ဖူးမြော်ရသဖြင့် ရာဝတီမြစ်ဘက်ကထက်ပင် ကြည်နူး ကြည်ညိုဖွယ်ကောင်းပေ၏။
ကြေးဖလား။ ကြေးတန်ဆာများထွက်သော ရွာထောင်ဘူတာက လွန်သောအခါ ဘူတာစဉ်တို့၌ အညာသူကလေးများ စားဖွယ် သောက်ဖွယ်ရောင်းကြသည်။ အောက်သူများကဲ့သို့ ဝဝဖြိုးဖြိုးကား မရှိကြ။ သို့ရာတွင် လုံးတန်ရပ်တန်ကြည့်၍ကောင်းကြ၏။ စကားပြော လျှင် ဝဲတဲတဲနှင့် နားထောင်၍ တစ်မျိုးကောင်း၏။ ရှုမျှော်ခင်းလည်း အလွန်သာယာ၍ ထန်းတော၊ လယ်တော၊ ယာတောများကို ဝဲယာ နှစ်ဖက်၌ပင် မြင်တွေ့၍သွားရ၏။
ဤသို့လာခဲ့၍ မုဆိုးချိုဘူတာကိုလွန်သော် ရွှေဘိုမြို့တော်ကြီးကို မြင်စပြုသတည်း။ အဝေးကပင်လျှင် အုပ်အုပ်မှိုင်းမှိုင်း ခက်ကျိုင်း စိမ်းညို၊ ပျိုသောထန်းပင်၊ သစ်ပင်တို့ဖြင့် တန်ဆာဆင်လျက် ယခင်က မြို့ရိုးဟောင်း ကျိုးဟောင်းတို့ကို မြင်ရသောအခါ ရင်ခုန်၍လာ၏။
ဂျမ်းခင်နှင့်တွေ့ခန်း
ရွှေဘိုသို့မသွားမီ ကျွန်ုပ်လာမည့်အကြောင်း ဂျမ်းခင်အား စာ ပေးလား ကမ်းလား လုပ်မထားချေ။ အကြောင်းသော်တမူကား ထိုသို့စာပေးရမှာ ခက်တက်တက်ရှိသောကြောင့်တည်း။
ကျွန်ုပ် ရွှေဘိုသို့ နံနက်ရောက်တော့မည်ဆိုလျှင် ညက ဂျမ်းခင်မှာ အိပ်မက်များမြင်မက်၏ဟူသတတ်။ (နောက်မှပြန်ပြော၍ သိရသည်) အိပ်မက်ထဲတွင် မိမိသည် အရှေ့ဘက်ကျုံးထဲသို့ ဟင်းရွက်ခူး ဆင်းသွားသောအခါ ချုံစပ်၌ ကျားတစ်ကောင်ကို ရင်ဆိုင်တွေ့ရာ ကြက်သေသေ၍ မေ့လဲသွားကြောင်း၊ အတန်ကြာ၍ သတိရသောအခါ ထိုကျားကြီးသည် မိမိအနီးတွင်ပင်ထိုင်လျက် ချိုပြုံးသောမျက်နှာနှင့် ရှိကြောင်း၊ ထိုအခါမှ ကြောက်စိတ်များပျောက်ပြီး ထိုင်၍စကားပြော နေရာ ကျားသည် လူဖြစ်မှန်းမသိဖြစ်လာ၍ အသက် ၅ဝ ကျော် ရွှင်ပျသောအဘိုးကြီးဖြစ်သွားကြောင်း၊ မကြာမီပင် ၄ဝ အရွယ် ၃၀-၂၀-၁၅ နှစ်ရွယ် စသည်ဖြင့် ရုပ်အမျိုးမျိုးပြောင်းလဲလေသဖြင့် ဘယ့်နှယ် လူပါလိမ့်မလဲဟုစဉ်းစားနေရင်း လန့်နိုးကြောင်း အိပ်မက်မြင်နှင့်လေ သတည်း။
နံနက်အခါ ဂျမ်းခင်သည် စိတ်လေးလေးနှင့်ပင် အိပ်မက်ကို တွေးနေရာ ထူးထူးခြားခြား မျက်ခုံး၊ လက်ရုံးအကြီးအကျယ်လှုပ်လျက် မီးရထားဘူတာရုံသို့ သွားချင်သလိုလို၊ အထူးအဆန်းတစ်ခုခုနှင့် တွေ့ရတော့မည်လိုလို ဘာလိုလိုထွေရာလေးပါး ထင်မြင်လာသည့် အလျောက် အောက်ရထားဆိုက်ချိန်ကိုမှန်း၍ ဘူတာရုံဘက်သို့ လျှောက်လာခဲ့၏။
ကျွန်ုပ်မှာလည်း ရထားဆိုက်လျှင်အထုပ်များ၊ ထီးများကိုယူလျက် အသိတစ်ယောက်မျှမရှိသော အရပ်ဒေသသို့ ဆင်းခဲ့လေ၏။
စာဖတ်သူတို့ သိမှတ်စေလိုသည်ကား ကျွန်ုပ်တို့အောက်အရပ်၌ အညာသားများကို မြင်ရုံနှင့်သိသကဲ့သို့ အညာမှာလည်း အောက်သား များကို သိနိုင်လေသည်။ သို့နှင့်ကျွန်ုပ်သည် ဘူတာရုံတွင်း၌ ဟိုကြည့် သည်ကြည့်ကြည့်နေသော မိန်းမပျိုတစ်ယောက်ကိုမြင်ရ၏။ မြင်ရုံနှင့် ပင် သွေးပြော၍လားမသိ၊ ဂျမ်းခင်ပင်တကားဟု စိတ်ထဲက ထင်မှတ် ယုံကြည်လိုက်၏။
ထိုမိန်းကလေးမှာ အသက် ၂၅ နှစ်ထက်ကျော်မည်မဟုတ်၊ ခပ်ညိုညို၊ ငါးရံ့ကိုယ်၊ နှုတ်ခမ်းပါး၊ မျက်လုံးမကျယ်လှ၊ သို့ရာတွင် မျက်လုံးတို့မှာ များစွာကြည်လင်စူးရှ၏။ ကိုယ်ပေါက်ကိုယ်ရောက် ယဉ်စစရှိ၏။ အဝတ်အစား မဆန်းလှ။ သိက္ခာကြီး၏။
အခြားခရီးသည်တို့သည် မိမိတို့အလိုရှိရာသို့အသီးသီးသွားကုန်ကြ သောအခါ ကျွန်ုပ်မှာ တစ်ယောက်တည်း ကြောင်လည်ကြောင်ပတ်နှင့် ဘူတာတွင် ကျန်ရစ်၏။ မိန်းမကလေးသည်လည်း ကျွန်ုပ်အား အကဲခတ်နေရာ ဘယ့်နှယ်ရှိရှိဟု အားတင်းပြီး အနားသို့ကပ်၍
“နှမရယ်-ဒီမြို့မှာ အဝေးရောက်မင်းဆိုတာ ရှိပါသလား မိန်းကလေးသည် ကျွန်ုပ်အား ခြေဆုံးခေါင်းဆုံးကြည့်၍ “ဟုတ်ကဲ့ ရှိပါတယ်၊ တော်က ဘယ်ကတုံး”
“ကျွန်တော် အောက်ပြည်ရန်ကုန်က လာခဲ့ပါတယ်၊ စကားမစပ် မဂျမ်းခင်ဆိုတာကော ရှိပါသလားခင်ဗျာ”
“ဟုတ်ကဲ့ ရှိပါတယ်၊ သူနဲ့ သိသလား” “အင်း .. သိတယ်ဆိုပါတော့၊ လူချင်းတော့ မတွေ့ဖူးပါ
“လူချင်းမတွေ့ဖူးဘဲနဲ့ ဘယ့်နှယ်သိသလဲ၊ တော်တို့စာပေးကြ သလား” (ကျီစားသလိုပြု၍ပြောသည်)
“စာတိုက်ရိုက်ပေးကြတာတော့မဟုတ်ပါဘူး၊ သတင်းစာမှာ ဆောင်းပါးရေးဖက် ဖြစ်ကြပါတယ်” “ဪ-ဟုတ်ကလား၊ တော့်နာမည် ဘယ်သူတဲ့တုံး၊ မှန်မှန်ပြော”
ကျွန်ုပ်မှာ မရှောင်သာသည်ဖြစ်၍ “ဟုတ်ကဲ့၊ သတင်းစာမှာ “ကျား” ဆိုတဲ့နာမည်နဲ့ ရေးပါတယ်”
“အမယ်- တော်မပြောဘဲနဲ့ သိတယ်၊ အနို့ ကျွန်မနာမည်ကိုကော သိရဲ့လား”
“မဂျမ်းခင်ကိုယ်တိုင်မဟုတ်လား” “အစစ်ပေါ့။
“ဒါဖြင့် အခုဘာပြုလို့ နောက်ပိတ်ဖိနပ် စီးမလာသလဲ”ဟု အချက်ကို မေးလိုက်ရာ ကောင်မလေး အပုံကြီးရှက်သွားပုံရ၏။ မျက်နှာနီလာလျက် တင်းတင်းထားပြီး စကားများများမပြောတော့ ချေ။ ကျွန်ုပ်လည်း အတန်အားနာခြင်းဖြစ်သွား၏။
ဤသို့ဖြင့်လာခဲ့ကြရာ အဝေးရောက်မင်းထံတော်သို့ ရောက်ရှိ၊ အာလာပသလ္လာပ ပြောကြပြီးနောက် နောက်နေ့နံနက်ချိန်၌ ရွှေဘိုမြို့ကြီးကို လှည့်လည်ကြည့်ရှုရန် မဂျမ်းခင်နှင့် ချိန်းဆိုကြ၍ လူခွဲကြလေသတည်း။
နံနက်သို့ကျကာလ ဂျမ်းခင်သည် အညာသူတို့ တံထွာ၊ ချောစွာ သောဆံထုံးကို ထုံးလျက် အိပ်ရာထ သနပ်ခါးမပျက်တစ်ပျက်ပါရှိသော မျက်နှာရွှင်ရွှင်နှင့် မကြာခင်ရောက်လာသောအခါ ပဲပြုတ်နှင့် လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်စွာစားသောက်ကြပြီးနောက် မြို့ကို လည်၍ကြည့်ကြသည်။
“မြန်မာသက္ကရာဇ် ၁၁၁၃ ခု ရောက်သော် ဆုံကျည်ပွေ့မှ မလွတ် အဝ ပြည်လုံးပင်လယ်နားသို့မျောပါလတ္တံ့။ ထိုရောအခါဘုန်းပညာနှင့် ပြည့်စုံသော အမတ်သားသည်ဌာဝရကိန်းမရ၊ ဇင်္ဂမကိန်း၌မြို့ သိင်္ဃဟု နန်းပြည်ကြီးတည်လတ္တံ့” ဟူသော ဂဝံပတေ့ ရသေ့သိကြားသိုက်တို့ အတိုင်းလည်းကောင်း၊ “နဝမသေသကာလေ၊ ငါးရာလေးဆယ်ကြွင်း သောကာလ၌။ ဥတ္တရဌာနေတော၊ မြောက်အရပ်မှ။ ဘူမိပါလော၊ ရေမြေကို အစိုးရသော၊ ပမက္ခရာဇာ၊ မြန်မာမင်းသည်။ ဘဝဿတိ ဖြစ်လတ္တံ့” ဟူသော နတ်စက်ရောင်သိုက်အတိုင်းလည်းကောင်း”
“သတ်နေခါကြုံ၊ မုဆိုးချုံ၊ ရွှေဘုံ ရွှေနန်း စိုက်လတ္တံ့” ဟူသော ဇာဂရုသိုက်အတိုင်းလည်းကောင်း၊
၁၁၁၃ ခုတွင် အင်းဝပြည်ကြီးပျက်၍ အလောင်းဘုရား ဦးအောင် ဇေယျသည် မွန်ရန်များကို ဖြိုဖျက်၍ “အုတ်အော် အော်မြည်။ ကုန်းဘောင်တည်” ဆိုသည့်အတိုင်း ၁၁၁၅ ခုတွင် ကုန်းဘောင် ပြည်ကြီးကို တည်လေသည်။ ထိုပြည်ကြီးမှာ အမည်ငါးပါးရသည်။
(၁) ရွှေဘို ။ ။ မုဆိုးမောင်ပို၊ သို့မဟုတ် မောင်ရွှေဘိုကို စွဲ၍
ခေါ်သည်။
(၂) မုဆိုးဘို။ ။ ထိုမုဆိုးကို စွဲ၍ခေါ်သည်။ (မုတ်ဆေးဆိုသော
အရပ်ဖြစ်၍ မုတ်ဆိုးဟုလည်း ခေါ်နိုင်ရာ၏)
(၃) ကုန်းဘောင်။ ။မြို့ အရှေ့ဘက်က ကုန်းဘောင်ခင်တန်းကြီးကို
စွဲ၍ခေါ်သည်။
(၄) ရန်ကြီးအောင်။ ။ ရန်အမျိုးမျိုးကို အောင်ရာဖြစ်၍လည်းကောင်း၊ အထူးသဖြင့် မွန်တို့ရန်ကြီးကို အောင်ရာဖြစ် သဖြင့်လည်းကောင်း ခေါ်သည်။ ။
(၅) ရတနာသိင်္ဃ။ ။ မြို့၏ဘွဲ့တော်ဖြစ်သည်။ ရတနာအပေါင်းတို့ စုဆုစုပေါင်းရာဟု အဓိပ္ပာယ်ရှိသည်။ (ရတနာ
သီခလည်းမဟုတ်၊ ရတနာသိင်္ခလည်းမဟုတ်) ရွှေဘို၊ မုဆိုးဘိုနှင့်စပ်၍ ဦးအောင်ဖြိုး၏ မင်းဆက်ရာဇဝင် သာချင်းတွင် -
“မှတ်ရန်စကား၊ ထိုသုံးပါးတွင်၊ ပိုင်းခြားသိလို၊ နဂါးဘိုနှင့်၊ အုတ်ဘိုသုည၊ ကြွင်းရစ်ကြသော “” (ကြောင့်) ရန်စနှိမ်ချိုး၊ ဘုန်းတော်တိုး၍၊ မုတ်ဆိုးရွှေဘို၊ မြန့်တိုင်းအလုံး၊ သိမ်းယူကျုံး၍၊ ညွတ်ရုံးခိုရသည်၊ မြင်းမိုရ်ရွှေတောင်၊ ထွန်းသောရောင်” ဟူ၍ လည်းကောင်း၊ နေမိရကန်၌“နိုင်ငံအလုံး၊ ချောက်ချားတုန်းကို၊ လက်ရုံးမီးတောက်၊ ပွင့်ချိန် ရောက်ပြီမို့၊ မြောက်နဂါးဘို၊ မြေအုတ်ဘိုနှင့်၊ ရွှေဘိုသုံးဆူ၊ တန်ခွန်ထူ သည်တွင်” ဟူ၍လည်းကောင်း စပ်ကြသည်။
ရတနာသိင်္ဃနှင့်စပ်၍ကား။ ။ရာဇဝင်ချုပ်တွင် “သို့သည်မီးကို၊ မိုးကြီးနဝဒတ်၊ ဖုန်းရည်အာဝဋ်၊ ငြိမ်းသတ်စေပြီး၊ (ရတနာသီဟ၊ ရတနာသီခ) ရတနာသိင်္ဃ၊ နွတ္ထတံဆိပ်၊ ခပ်နှိပ်မြေပေါ် ဟူ၍ လည်းကောင်း၊ “သိုက်ထွက်ညီစွာ၊ ဝတိန်သာသို့၊ ရတနာသိင်္ဃ၊ နဂရ သည်၊ ပြည်များထိပ်ခေါင် ကြငှန်းတည်း”ဟူ၍လည်းကောင်း စပ်ဆို သည်။ (ရတနာသိင်္ဃသာ အမည်အရင်းမှန်ဖြစ်၏)
မြို့တည်သောအခါ အောက်ပါခုနစ်ဌာနကို တစ်ပြိုင်တည်း တည်သည်။
၁။ တာဝန် ၂ဝဝဝ ရှိမြို့တော် ၊
၂။ ၅၄ ဆောင်ရှိသော နန်းတော်၊
၃။ မြို့မှ ၁ဝ တာကွာ၊ အပြောတာ ၂၀ ရှိသော ကျုံးတော်၊
၄။ ၉၉ ရပ်အမွန်ရှိသော ချောင်းတို့စီးဝင်ရာ မဟာနန္ဒာကန်တော်၊
၅။ ဖွားတော်မူရာ ရွှေချက်သိုစေတီတော်၊
၆။ သာသနာစောင့်နတ်တို့အား ဗလိနတ်စာပေးရာ နတ်ကွန်းတော်ကြီး၊
၇။ နာရီတော်လျှောက်ကြားရာ ပဟိုရ်စင်တော်၊
သို့“” (ကြောင့်) မင်းဆက်လင်္ကာ၌ “ရွှေဘုံအောင်မျိုး၊ ရွှေမြို့ ကျုံဝန်၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သိုဟု၊ ချီးဆိုမကန်၊ ခုနစ်တန်ကို” ဟူ၍လည်းကောင်း၊ မြင်ကွန်းမင်းသားရေးသည်ဆိုသော ပတ်ပျိုး၌ “မြန်ချာမြေကို၊ စံရာရွှေဘို၊ နန္ဒာရေညိုဝန်း၊ ဖြာရောင်ရွှန်း၊ လူ့းလုံးဖျား၊ ပြည်ကုန်းဘောင် ရန်အောင်မော်ကွန်းထား၊ ခြောက်ပါး ခြည်ရောင်စုံသည်နှင့်၊ တည်ထွန်းရွှေချက်သို၊ ပဟိုရ်လေ ရွှေကွန်းနန်း၊ ကျုံးပတ်လည်ထွေထူးဆန်း၊ စံခန်းဣန္ဒာ၊ လျှံလန်းသိင်္ဂါ၊ ခုနစ်မည် ဌာနမှာ၊ ပြည်ပြည်မော့ ဦးညွှတ်ရာ” ဟူ၍လည်းကောင်း စပ်ဆိုကြသည်။
(ဆက်လက်ဖော်ပြပါမည်)