နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည်။ အလုပ်ပိတ် ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးဖြစ်သည်။ ကိုဗစ်တတိယလှိုင်းကာလ၌ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခြောက်ကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားခဲ့သော ပြီးခဲ့သည့်ဇူလိုင်လမှစ၍ အများ ပြည်သူအလုပ် ပိတ်ရက်များကို သတ်မှတ်ခဲ့ရာ ရောဂါကူးကွင်းဆက်ဖြတ်နိုင်ရေး အထောက်အကူဖြစ်ခဲ့သည်။ သို့သော် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျသော်လည်း ပြည်ပတွင် ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်း၊ ပြည်တွင်းအချို့ဒေသများ၌ ရောဂါကူးစက်မှု မြင့်မားဆဲဖြစ်၍ အလုပ်ပိတ်ရက်များကို ဆက်လက်ထုတ်ပြန် ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကာလအတွင်း ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အသိပေးကြေညာချက်များကို လိုက်နာကြဖို့ လိုအပ် ပေသည်။
stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနေဖြင့် မိမိတို့ ၏နေအိမ်များတွင် နေထိုင်ရန်နှင့် တာဝန်နှင့်နာရေးကိစ္စမှအပ ခရီးသွားလာခြင်းကို လုံးဝမပြုလုပ်ရန်အချက်သည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်သူများ၊ အနေဖြင့် နိစ္စဓူဝ မဖြစ်မနေလုပ်ကိုင်ရသည့် ကိစ္စမှလွဲ၍ မလိုအပ်ဘဲ အပြင်ထွက် လည်ပတ်ခြင်း မပြုလုပ်ကြရန်လိုပေသည်။ မဖြစ်မနေ နေအိမ်မှထွက်ခွာရမည့် ကိစ္စများ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း(Mask)အပါအဝင် လိုအပ်သော ကာကွယ်ရေးအစီအမံများကို မဖြစ်မနေ ပြုလုပ်ရန်လိုအပ်သည်။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်လိုပြီး အခြားလူများနှင့် နီးနီးကပ်ကပ် စကားပြောခြင်း တို့ မပြုလုပ်ရန်လိုသည်။ ။
မဖြစ်မနေ ခရီးသွားရမည့်ပုဂ္ဂိုလ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်း၊ ရေ၊ လေလမ်းတို့ နှင့် ပတ်သက်သောယာဉ်များ ပြေးဆွဲနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စီစဉ်ပေးထားသည်။ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှုစံသတ်မှတ်ချက်ကို လိုက်နာရန်လိုသည်။ ကုန်တင်ကုန်ချဆိပ်ကမ်းများကို ဆက်လက် ဖွင့်လှစ်ထားပြီး ကုန်ထုတ်စွမ်းအား မကျဆင်းစေရေးအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံများကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်ရန် အသိပေးထားသည်။
ထို့အပြင် သက်ဆိုင်ရာဌာနအသီးသီး၏ မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးရုံးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး work from home နည်းလမ်းဖြင့် လည်းကောင်း၊ အခြားသင့်လျော်ရာ နည်းလမ်းဖြင့်လည်းကောင်း စီမံဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များအား ယခင်ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ်ရန်၊ မရှိမဖြစ် အခြေခံ လိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံ စားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသာဖွင့်လှစ်ရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာရောင်းချသည့်ဆိုင်များ၊ ဆေးကုမ္ပဏီများ ဖွင့်လှစ်ရောင်းချရန်၊ စားသောက်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများဖွင့်လှစ်ရန်တို့ကို အသိပေးလမ်းညွှန် ထားသည်။ ။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသော်လည်း အထူးသဖြင့် နယ်မြို့များ၊ နယ်စပ်ဒေသများတွင် ကူးစက်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ တတိယလှိုင်း မြင့်မားနေဆဲဖြစ်ပြီး စတုတ္ထလှိုင်းဟုယူဆသည့် ရောဂါမျိုးစိတ်သစ်တစ်မျိုးပင် ပေါ်ပေါက်နေသည်ဟုဆိုကြရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ စည်းကမ်းချက်များကို ပြည်သူအားလုံး တိကျစွာ လိုက်နာကြရန် လိုအပ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အလျှင်းပျောက်မည့် ရောဂါမဟုတ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါဖြစ်ပွားနှုန်း မြင့်မာနေသောကြောင့် အထူးသတိပြု၍ ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာကြရန်လိုအပ်သည်။ ယခုအခါ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မဖြစ်မနေ ထိုးနှံကြရန်လိုအပ်ပြီး ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို ပြည်သူများ တိတိကျကျ လေးစားလိုက်နာ ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။