မိမိတို့နိုင်ငံတွင် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် မရရှိ သေးသည့် နိုင်ငံသားဦးရေ လေးသန်းခန့်ရှိနေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် အမှာစကား ပြောကြားရာ၌ “တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ရရှိရေးကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိ အောင် ဆောင်ရွက်ပေးရန် လိုအပ်ပြီး ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် အချိန်မီပြီးစီး ရေးနှင့် မှန်မှန်ကန်ကန်ရရှိရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း" ဖြင့် နိုင်ငံအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံ အချက်များတွင် အလေးထားဆောင်ရွက် ရမည့် အချက်တစ်ရပ်အဖြစ် ထည့်သွင်း ပြောကြား ခဲ့သည်။
နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေးသည် နိုင်ငံသားတစ်ဦး၏ ကရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့် အတွက်လည်းကောင်း၊ လာမည့် ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်တစ်ဦးအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ပြီး မဲပေးနိုင်ရေးအတွက်လည်းကောင်း လွန်စွာအရေး ကြီးသည်။ ယင်းလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ရန် အချိန်ကာလမှာ အကန့်အသတ်ရှိသကဲ့သို့ ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ပျံ့နှံ့ နေသည့် အချိန်ဖြစ်သည့်အလျောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်းစီမံချက် သတ်မှတ် ကာလအတွင်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးမှာ တာဝန် ယူ ဆောင်ရွက်နေရသည့်ဌာနအပြင် အခြားဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းတို့ကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား၊ နိုင်ငံသားပြည်သူတို့ အနေဖြင့်လည်း နိုင်ငံသား အထောက်အထားကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားနိုင်ရေးအတွက် သက်ဆိုင်ရာနှင့်ပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်သည်။
ပန်းခင်းစီမံချက်သည် နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေး အတွက် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားအထောက်အထားတစ်ခုခု ကို ပြုလုပ်ပေးသည့် စီမံချက်ဖြစ်ရာ ပြည်သူ့အကျိုးအတွက် ဆောင် ရွက်ပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ပြည်သူများက သိရှိနားလည် လာရေးနှင့် လိုက်ပါပူးပေါင်းဆောင်ရွက်လာရေးတို့ လိုအပ်သည့် အလျောက်မီဒီယာနည်းလမ်းများဖြင့် ပြည်သူကို ရှင်းလင်းအသိပေး နိုင်ရန်လိုအပ်သည်။ ပြည်သူအများစုအနေဖြင့် နိုင်ငံသားစိစစ် ရေးကတ် မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်အထောက် အထားများ တင်ပြရခြင်းနှင့် စိစစ်မှုခံယူရခြင်းတို့တွင် လုပ်ထုံး လုပ်နည်းများအပေါ် နားမလည်ခြင်းနှင့်ဝန်ထမ်းအချို့၏ ဝန်ဆောင် မှု အားနည်းညံ့ဖျင်းခြင်းတို့ကြောင့် ရုံးဌာနများသို့ ဝင်ထွက်သွားလာရန် မပြုလုပ်လိုကြခြင်းဖြစ်ရာ ရှင်းလင်းစွာ အသိပေးထားခြင်းဖြင့် လုပ်ငန်း လည်းလျင်မြန်၊ အများပြည်သူလည်း အမြင်ကြည်လင်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိနိုင် မည်ဖြစ်သည်။ ။
နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်မည့်သူများအနေဖြင့် လိုင်စင် ဓာက်ပုံ၊ အိမ်ထောင်စုလူဦးရေ စာရင်းမူရင်းနှင့် မိတ္တူ၊ မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူများ၊အဘိုးအဘွားများနှင့် မောင်နှမ အရင်းအချာတို့၏ အမည်၊ မှတ်ပုံတင်အမှတ်၊လိပ်စာ၊ ကာယကံရှင်၏ အသက်အထောက် အထားအတွက်မွေးစာရင်း (သို့မဟုတ်)ကျောင်းသားကက်(သို့မဟုတ်)ကျောင်းထောက်ခံချက်၊ ရပ်ကွက်အတွင်း နေထိုင်ကြောင်းထောက်ခံချက်၊ သွေးအမျိုးအစားစသည့် အချက် အလက်အထောက်အထားကို ပြည့်စုံစွာပါရှိသည်နှင့်အမျှ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံ တင်) ပြုလုပ်ပေးရေး လုပ်ငန်းစဉ်လျင်လျင်မြန်မြန် ပြီးမြောက်ပြီး နိုင်ငံသား ဖြစ်ကြောင်း အထောက်အထား မှတ်ပုံတင် ကတ်ပြားကို လျင်မြန်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့ အာဘော်