နေပြည်တော် ဩဂုတ် ၁၂
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဖက်စပ် ဆောင်ရွက် လျက်ရှိသော ပုလဲမွေးမြူ ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖော်ယူပြီးသောပုလဲများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ နေပြည်တော်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် သယ်ယူ၍ တန်ဖိုးဖြတ်ခြင်းနှင့် အချိုးကျခွဲဝေခြင်းကို ယနေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပရာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် စစ်ဆေးကြည့်ရှုသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေး လုပ်ငန်းနှင့်အကျိုးတူ ဖက်စပ် ဆောင်ရွက်လျက် ရှိသော ပြည်ပကုမ္ပဏီ(၄)ခု၊ ပြည်တွင်းကုမ္ပဏီ(၇)ခုနှင့် နိုင်ငံပိုင် ပုလဲစခန်း (၁)ခု၊ စုစုပေါင်း ပုလဲထုတ်လုပ်ရေး စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပုလဲ လုံးရေ စုစုပေါင်း(၁,၂၉၀,၀၇၆)လုံး၊ အလေးချိန်(၇၆၄,၁၅၁) မိုမီ ထုတ်လုပ်ရရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဇူလိုင်လကုန်အထိ ကုမ္ပဏီ(၈)ခုမှ စုစုပေါင်း ပုလဲလုံးရေ (၁,၀၃၄,၂၁၇)လုံး၊ အလေးချိန် (၆၅၁,၉၄၅) မိုမီကို ထုတ်လုပ်ရရှိခဲ့ပြီး ကုမ္ပဏီ(၃)ခုနှင့် နိုင်ငံပိုင်ပုလဲစခန်း (၁)ခုမှာ ပုလဲဖော်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကုမ္ပဏီအနေဖြင့် ဘဏ္ဍာရေးနှစ် အတွင်း ထုတ်လုပ် ရရှိခဲ့သည့် စုစုပေါင်းပုလဲအလုံးရေ (၃၃၇,၉၁၂)လုံး၊ အလေးချိန် (၂၄၂,၇၈၂)မိုမီကို မြန်မာ့ပုလဲလုပ်ငန်း ဉပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)အရ တန်ဖိုးဖြတ်၊ အချိုးကျခွဲဝေခြင်းကို ဆောင်ရွက်ခဲ့သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် ရတနာ ပြတိုက် ပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာ ကျောက်စိမ်း အချောထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)