နေပြည်တော် ဇွန်၂၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်းများ၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက် (၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ (၃)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၃) တို့တွင် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ (၂)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသ ကြီး အသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
ဇွန် ၂၆ ရက် ပွဲစဉ်များအဖြစ် ညနေ ၃နာရီ ခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁) တွင် နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေး ကွင်း(၃) တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)