Skip to main content

မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ) မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင် ၄ ဦးအား လက်နက်/ခဲယမ်း၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၂၄

 

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ရန် လက်နက်/ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူအချို့ ရောက်ရှိ ခိုအောင်းနေကြောင်း သတင်းအရ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးရာ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၈ ဦး၊ ဖမ်းဆီးရမိ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်အချို့ သိမ်းဆည်း ရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အဆိုပါ သေဆုံးသူများတွင် KIA အဖွဲ့မှ ဗိုလ်အဆင့်ရှိ တူးဖိုးနှင့် ကိုရိုင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ PDF အဖွဲ့များ ငှားရမ်း နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ လမ်း ၅၀ နှင့် ၁၁၅ လမ်းထောင့်၊ အိမ်အမှတ် (၅၄)အား ရှာဖွေမှုများပြုလုပ်ခဲ့ရာ တရားခံများတွေ့ရှိမှုမရှိဘဲ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၆ လက်၊ လက်လုပ်မိုင်း ၂၈ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများအား ဖော်ထုတ်ချက်အရ မန္တလေး(PDF)အဖွဲ့ဝင် ၁ ဦး ဖြစ်သူ ရန်လင်းအောင်(ခ)မိုးတိမ်သည် ဇွန်လ ၂၃ ရက်တွင် ဝေယံလင်း(ခ) ထွန်းတောက်နိုင် နှင့်အတူ လက်နက်/ခဲယမ်းများအား မန္တလေးမြို့သို့ ဗန်းမော် - ငါးအိုး - သပိတ်ကျင်း - မန္တလေး လမ်းကြောင်းအတိုင်း သယ်ဆောင်လာကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ နေ့လယ်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်း လမ်းခွဲ၌ ERTIGA အမျိုးအစား ယာဉ်အမှတ်၊ 2P-5582 ဖြင့် လိုက်ပါလာသော ဝေယံလင်း(ခ)ထွန်းတောက်နိုင်၊ ရန်လင်းအောင်(ခ)မိုးတိမ်၊ မျိုးမင်းထွန်းနှင့် စိုင်းသက်ပိုင်ထွန်း တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများအား ဆက်လက်စစ်ဆေးမေးမြန်းချက်အရ လက်နက်/ ခဲယမ်းများအား ၆ ဘီးယာဉ်  ၁ စီးဖြင့် သယ်ဆောင်လာကြောင်း သိရှိရသဖြင့် ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ညနေပိုင်းတွင် မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင် အမှတ်(၂၅)၊ ဝါးရုံကုန်းကျေးရွာ၌ Nissan အမျိုးအစား ယာဉ်အမှတ်၊ 8B-9757 ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော K 2-5 အရှည် ၃၂ လက်၊ K 2-5(ခေါက်ဒင်) ၃၂ လက်၊ M-79 LL ၄၀ လက်၊ 779 Pading III-S ၁၀ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်အိမ် ၂၄၈ ခု၊ K 2-5 ကျည် ၁၀,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁,၄၇၃ လုံး၊ Remote Control မိုင်းအဝေးထိန်းခလုတ် ၃၅ ခု၊ ယမ်းမှုန့်ဟုယူဆ ရသောအထုပ် ၂၅ ထုပ်(၄.၉၆၅ ကီလိုဂရမ်)၊ လွယ်ကြိုး ၁၅၀ ချောင်း၊ လျှပ်စစ်စနက်တံ ၁ ခွေနှင့် ဒီတိုနေတာ ၃ ဖာတို့အား ဖမ်းဆီးရမိခဲ့သည်။    

                                                   

ထွက်ဆိုချက်များအရ ရန်လင်းအောင်(ခ)မိုးတိမ် ပါဝင်သည့် PDF အဖွဲ့ဝင်များသည် NLD ပါတီမှ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅) ကိုယ်စားလှယ်ဟောင်း(၂၀၁၅) ဦးခင်မောင်မြင့် (ခ)ဦးချို၏ ချိတ်ဆက်ပေးမှုဖြင့် KIA ဌာနချုပ်၊ လိုင်ဇာ၌ မတ်လ ၂၁ ရက်မှ အေ ၄ ရက်ထိ စစ်အခြေခံသင်တန်း တက်ရောက်ခဲ့ ကြောင်း၊ လိုင်ဇာသို့သွားရောက်ရာတွင် NLD ပါတီမှ ပြည်ကြီး တံခွန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း(၂၀၁၅) ကျော်စိုးလင်းနှင့် ကောလင်းမြို့လွှတ်တော်ကိုယ်စား လှယ်ဟောင်း(၂၀၁၅) မျိုးဇော်အောင်တို့မှလည်း ကိုယ်ပိုင်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေး မြို့ပေါ်တွင် လူငယ်များစုစည်း၍ သင်တန်းပေးရန်နှင့် အသင့်ဖြစ်ပါက လက်နက် တပ်ဆင်ပေးရန် စီစဉ်ထားရှိခဲ့ကြောင်း သိရှိရသည်။

 

ဇွန် ၁၇ ရက်တွင် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါ ၄ ဦးတို့သည် လက်နက်များ သယ်ဆောင်ရန် အတွက် မန္တလေးမှ ဗန်းမော်သို့  သွားရောက်ခဲ့ပြီး ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်းဆိုသူနှင့် တွေ့ဆုံ၍ လက်နက် များအား မန်စီမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊ ဇွန် ၂၂ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်း၏ စီစဉ်မှုဖြင့် ၆ ဘီးယာဉ်ပေါ်သို့ လက်နက်/ခဲယမ်းများ တင်ဆောင်၍ မန်စီမြို့မှ စတင်ထွက်ခွာခဲ့ပြီး စင်းခန်းတံတား အနီးတွင် ညအိပ်ရပ်နားခဲ့ကြောင်း သိရှိရသည်။

ဇွန် ၂၃ ရက်တွင် ဆက်လက်ထွက်ခွာရာ၌ လက်နက်များတင်ဆောင်သည့်    ၆ ဘီးယာဉ်မှာ မန္တလေးသို့ ဦးစွာထွက်ခွာခဲ့ပြီး ဝေယံလင်း(ခ)ထွန်းတောက်နိုင်အပါ ၄ ဦး သည် နောက်မှ လိုက်ပါလာခဲ့ရာ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့လမ်းဆုံ၌ ဖမ်းဆီးခံရပြီး လက်နက်များ သယ်ဆောင်လာသော ၆ ဘီးယာဉ်အား မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ်(၂၅)၊ ဝါးရုံကုန်းကျေးရွာအနီး၌ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သူများအနေဖြင့် မြို့နယ်တချို့အတွင်း အများပြည်သူအား ထိတ်လန့်တုန်လှုပ် ခြောက်ခြားစေ၍ မြို့ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်မှု မပြုနိုင်စေရန်၊ ထိခိုက်သေ ကြေစေရန် ရည်ရွယ်၍ လက်လုပ်ဗုံးများအပြင် မောင်းပြန်ရိုင်ဖယ်များပါ အသုံးပြု၍ တိုက်ခိုက် သတ်ဖြတ်ခြင်း၊ လက်နက်ကိုင်အဖွဲ့များ ဖြင့်ဆက်သွယ်၍ သင်တန်းများ တက် ရောက်ခြင်း၊ ပို့ချခြင်း၊ လက်နက်/ခဲယမ်းများ စုဆောင်းခြင်း၊ လူအင်အား စုဆောင်း ခြင်းများကိုပါ ပြုလုပ်လာ လျက်ရှိကြောင်းနှင့် အကြမ်းဖက်သူများ ခိုအောင်းနေထိုင် လှုပ်ရှားမှု မရှိစေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး မြို့ရွာအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ဖြစ်စဉ်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများပြုလုပ်၍ ကွင်းဆက်တရားခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်