Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ MRTV က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကောင်းထက်စံ က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-

မေး။ မြောင်းမြမြို့က စာသင်ကျောင်းတွေမှာ ကိုဗစ်ရေဂါကူးစက်မှု မြင့်မားလာတာကြောင့် မိဘတွေက သူတို့ကလေးတွေကို ပြန်လိုက်ခေါ်ရာမှာ ကျောင်းသားတွေကို မိဘတွေလာခေါ် လည်း ပြန်မလွှတ်ဖို့ တပ်မတော်က ဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး Mizzima-news in Burmese ဖော်ပြထားတာကို သတင်းအမှန် ပြန်လည်ဖြေကြားပေးစေလိုပါတယ်။

ဖြေ။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး COVID- 1 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များရေးဆွဲပြီး စနစ်တကျ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ သံသယလူနာတွေ့ရှိပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွေက ပညာရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

လက်ရှိအနေနဲ့ Stay at Home ကြေညာထားတဲ့မြို့နယ်တွေမှာ အခြေခံပညာကျောင်းများကို ခေတ္တယာယီပိတ်ထားပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မြောင်းမြမြို့က စာသင်ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာတာကြောင့် မိဘတွေက သူတို့ကလေးတွေကို ပြန်လိုက်ခေါ်ရာမှာ ကျောင်းသားတွေကို မိဘတွေလာခေါ်ရင် ပြန်မလွှတ်ဖို့ တပ်မတော်ကနေ ဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး  လုံးဝမရှိပါဘူးလို့ ဖြေကြားလိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်လျက် ရှိတယ်လို့ ပြောကြားလို ပါတယ်။

မေး။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာနားမှာ ဇွန်လ ၂၂ ရက် တုန်းက တပ်မတော်နဲ့ PDF တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ DVB TV News က ရေးသား ထားတာ တွေ့ရပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ တရော်ကျင်း ကျေးရွာအပြင်က အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေတည်ငြိမ် လုံခြုံရေးဆောင်ရွက်ဖို့အတွက် သွားရောက် စဉ် ဇွန်လ ၂၂ ရက်နေ့မှာ ယင်းမာပင်မြို့နယ် တရော်ကျင်း ကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာကို ရောက်ရှိတဲ့အခါ အကြမ်းဖက် လက်နက်ကိုင်အင်အား ၈၀ ခန့်ကနေပြီးတော့ တူမီးသေနတ်၊ လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တူမီးခဲစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိတာသာ ရှိပါတယ်။ အဲဒီနေရာကို နောက်ထပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စစ်ကူ သွားရောက်စဉ်မှာ ဘန့်ဘွေးရွာရဲ့ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့် အကွာကိုအရောက် အကြမ်းဖက် လက်နက်ကိုင်အင်အား ၃၀ ခန့်က တူမီးသေနတ်များနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတော့ အဲဒီဖြစ်စဉ်မှာ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ လက်လုပ်သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အကြမ်းဖက် သောင်းကျန်းသူများကြောင့် အိမ်ရှစ်လုံးမီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။ တိကျသေချာတဲ့ သတင်းဆိုရာမှာ ခိုင်လုံတဲ့သတင်း အရင်းအမြစ်က လာရမယ်။ မှန်ကန်တဲ့ သတင်းဓာတ်ပုံပါမှသာ မှန်ကန်တဲ့ သတင်းဖြစ်မယ်ဆိုတာ ပြောကြားလိုပါတယ်။