Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားမြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၄

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး(Knowledge Sharing Program- KSP) အစီအစဉ်အရ ဝန်ထမ်းဖွဲ့စည်းပုံ၊ ဝန်ထမ်းခန့်ထားမှု ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် လုပ်ငန်းတာဝန်နှင့်လျော်ကန်မျှတမှု ရှိ မရှိ၊ ဝန်ထမ်းခန့်ထားမှု သည် ခွင့်ပြုအင်အားအတွင်း ရှိ မရှိ၊ မူလရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှု ရှိ/မရှိ တို့ကို စစ်ဆေးရန်တို့ပါဝင်ကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းများ အနေဖြင့် ယနေ့ဆွေးနွေးချက်များအပေါ် အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်၍ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချစေလိုကြောင်း၊ အနာဂတ် ပညာရည မြင့်မားရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဝန်ထမ်း ဖွဲ့စည်းပုံ၊ ဝန်ထမ်းခန့်ထားမှုနှင့် ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊        ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ တက်ရောက် လာသူများက ဆွေးနွေးမေးမြန်းခြင်း များ ပြုလုပ်ကြသည်။

 

ယနေ့ဆွေးနွေးပွဲမှာ သတ္တမအကြိမ်မြောက်ဖြစ်ပြီး ဝန်ထမ်းများ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားမြှင့်တင်ရေးတို့အတွက် အပတ်စဉ်ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ(စစ်ဆေးရေး/စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်မှူး များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် သင်တန်းကျောင်းများတွင် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)