နေပြည်တော်၊ ဇွန် ၂၄
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပထမအကြိမ် အမျိုး သားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ဝန်ကြီးရုံး နီလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ Pilot Project များ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ခရီးသွားဈေးကွက်ရှာဖွေ မြှင့်တင်ခြင်းပါဝင်သည့် အဆင့်(၃)ဆင့် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပထမအဆင့် ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယအဆင့်အနေဖြင့် ကျင်းပမည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Pilot Project (၅)ခုကို သက်ဆိုင်ရာ ခရီးစဉ်ဒေသများ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည်များကို စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ တတိယအဆင့်အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်နိုင်မှုအပေါ် မူတည်၍ Inbound ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ဈေးကွက်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၏ လိုအပ်ချက်များ ခရီးသည်များ၏ လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။
ယခုအခါတွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြန်လည်ဖြစ်ပေါ်နေသဖြင့် အရှိန်ရရှိခါစ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်ကြမည့်သူများကို ဖိတ်ကြားရေးနှင့် အစည်းအဝေး ကျင်းပရေးများ စီမံဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)