နေပြည်တော် ဇွန် ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာ နိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက ဆေးရုံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြု နိုင်စေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည် အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကို ဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဝန်ထမ်း ကျန်းမာရေး ဝန်ထမ်းများနည်းတူ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေသူများကို ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းအချို့ သာထိုးနှံခဲ့ရကြောင်း၊ ကာကွယ်ဆေးများ မူလအစီအစဉ် အတိုင်း ရောက်ရှိလာပါက မိမိတို့၏ လက်တွဲဖော်ဖြစ်သည့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကိုဗစ်-၁၉ ရောဂါလူနာများ အဆင်ပြေစွာ လက်ခံကုသနိုင်ရေးနှင့် ထိရောက်အကျိုးရှိသော ကုသမှုပေးအပ်နိုင်ရေးအတွက် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်၊ ဆေးဝါးနှင့်စက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်းခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့်လည်း အခါ အားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ဓာတ်ခွဲခန်းများတွင် COVID-19 Antigen (RDT) test, RT-PCR နည်းပညာအသုံးပြု၍ testing and care ဆောင်ရွက်ခွင့်ပြုလျက်ရှိပါကြောင်း၊ ခွင့်ပြုထားရှိသည့် လုပ်ငန်းများသည် လုပ်ငန်းလမ်းညွှန် နှင့်အညီ စစ်ဆေးမှု၊ ရောဂါပိုးတွေ့မှုတို့ကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ/အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည် အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိမိတို့ အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာသည်နှင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အထောက်အကူ ဖြစ်စေကာ ပြည်သူလူထုအတွက် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်ကို ယုံကြည်ပါကြောင်း မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က အသင်းအနေ ဖြင့် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားသည်။
(သတင်းစဉ်)