နေပြည်တော် ဇွန် ၂၃
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က တိုက်ပွဲနှင့် လူမှုရေးပဋိပက္ခများတွင် ဒေသတွင်းနေထိုင်သူများသည် ၎င်း တို့၏ နေရပ်ဒေသ၊ အိုးအိမ်စည်းစိမ်များကိုစွန့်ခွာပြီး ပိုမိုလုံခြုံသည်ဟု ယူဆသည့်နေရာများသို့ တိမ်းရှောင်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာဖိုး များအပါအဝင် ထောက်ပံ့မှုများအား ထောက်ပံ့ပေးလျက်ရှိကြောင်း။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ နေရပ်ပြန်များအတွက် ဆန်ရိက္ခာ(၁)လစာ၊ ပြောင်းရွှေ့စရိတ်၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် တာပေါ်လင်စများ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်း(၅၀)ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ၌ လက်ရှိ နေထိုင်သူများအတွက်လည်း ဆန်ရိက္ခာဖိုး ငွေကျပ်သန်း (၂၄၀၀)ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း၊ ပြန်လည်နေရာချထားမည့် နေရာများတွင် မည်သို့ ဆောင်ရွက်ရမည်၊ မည်သို့ဆောင်ရွက် သင့်သည်ကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော် ဆေင်ရွက်မှု များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)