Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၆ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် မိုးရာသီ လမ်းဘေးဝဲ/ယာ တစ်အုပ် တစ်မစိုက်ပျိုးမည့် အစီအစဉ်၊ ကျေးရွာထင်းစိုက်ခင်း တည်ထောင်မည့် အစီအမံ၊ သဘာဝ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်မည့် အစီအမံ၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပက်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန်ပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပက်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၏ နှစ်အလိုက် သစ်တောဖုံးလွှမ်းမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် တိုင်းဒေသကြီး ဧရိယာ၏ (၁၄ ဒသမ ၁၈) ရာခိုင်နှုန်း ဧက (၁ ဒသမ ၂၂) သန်း၊ ၂၀၁၅ ခုနှစ်တွင် (၁၁ ဒသမ ၂၄) ရာခိုင်နှုန်း ဧက (၀ ဒသမ ၉၇) သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် (၈ ဒသမ ၂၁) ရာခိုင်နှုန်းဧက (၀ ဒသမ ၇၁)သန်းရှိခဲ့ပြီး သစ်တောဖုံးလွှမ်းမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ရာသီဥတု ပြောင်းလဲလာ ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း၊ ဂေဟစနစ် ယိုယွင်းလာခြင်းများကို ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ ထင်း၊ မီးသွေးလောင်စာများကို သဘာဝတောများမှ မှီခိုသုံးစွဲနေရခြင်း သည် သစ်တောပြုန်းတီးခြင်း၏ အချက်တစ်ချက် ဖြစ်ပါကြောင်း။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ်မြေအောက် သယံဇာတ ထုတ်ယူသုံးစွဲမှုကို လျော့ချပြီး ထိန်းသိမ်းကာကွယ်ရေးကို အထူးအလေးပေး ဆောင်ရွက်ရေး၊ နိုင်ငံပိုင်သစ်တောများအား ထိန်းသိမ်းကာကွယ်ရေး၊ ကျေးရွာပိုင် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည် ထိန်းသိမ်းရေးတို့ကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျေးရွာပိုင် ထင်းစိုက် ခင်းများအတွက် မြေနေရာရရှိရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ လမ်းဘေး ဝဲယာသစ်ပင်စိုက်ပျိုးခြင်းအတွက် ရာသီဥတုနှင့်ကိုက်ညီသော သစ်မျိုးများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်း များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ်၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၂၅ ရှိ ၁/၂၀၂၀ စီးပွားရေးပျဉ်းကတိုးစိုက်ခင်း ဧက(၃၅၀)ရှင်ပင် (၉၅ ဒသမ ၁) ရာခိုင်နှုန်း အောင်မြင် ကြီးထွားမှုအခြေအနေနှင့် ၂၀၂၁ မိုးရာသီတွင်စတင် စိုက်ပျိုးနေသည့် ၁/၂၀၂၁ စီးပွားရေး ပျဉ်းကတိုး စိုက်ခင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။ (သတင်းစဉ်)