နေပြည်တော်၊ ဇွန် ၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆင့်မြင့် မီးခံအုတ်စက်ရုံ(တညင်းကုန်း)သို့ ရောက်ရှိပြီး စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းစက်ရုံကို ရိုးရိုးမြေအုတ်များ ထုတ်လုပ်ရာတွင် မြေကြီးများတူးယူ၍ မီးဖုတ်ထုတ်လုပ်ရခြင်း ဖြစ်သည့်အတွက် လယ်ယာမြေများ သာမက သစ်ပင်၊ သစ်တောများပါ များစွာဆုံးရှုံး၍ သဘာဝပတ်ဝန်းကျင်အား များစွာထိခိုက်ပြီး ဆိုးကျိုး များစွာဖြစ်ပေါ်စေသည့်အတွက် မြေအုတ်များအစား သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းမရှိသော Green Light Block များဖြစ်သည့် Autoclaved Aerated Concrete Block (AAC)နှင့် Autoclaved Pressed Concrete Brick (APC) အုတ်များထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက် ထား ခြင်းဖြစ်သည်။ စက်ရုံမှ အပေါ့စားကွန်ကရစ်ဘလောက် (AAC)များကို တစ်နှစ်လျှင် ဘလောက်တုံး ၂၂၅ သန်း နှင့် ဖိအားမြင့်ခံ ကွန်ကရစ်အုတ်ချပ် (APC) သန်း ၉၀ တို့ကို ထုတ်လုပ်နိုင်သည်။ အပေါ့စား ကွန်ကရစ်အုတ်များသည် ပေါ့ပါးခိုင်ခံ့ခြင်း၊ အပူခံခြင်း၊ အသံလုံခြင်း၊ တည်ဆောက်ရ လွယ်ကူခြင်း၊ တည်ဆောက်မှု ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် အထပ်နိမ့်အဆောက် အဦများသာမက အထပ်မြင့်အဆောက်အဦများအတွက်ပါ အသုံးပြုနိုင်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိသစ်သား အချောထည်စက်ရုံသို့ ရောက်ရှိပြီး သစ်ပါးလွှာနှင့် သစ်သားဘလောက် တုံးများ ထုတ်လုပ်နေမှုနှင့် လှိုင်မြို့နယ်ရှိ LED ထုတ်လုပ်သည့် အလုပ်ရုံ၏ လက်ရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ အမှတ်(၂၇) အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံဆိုင်ရာအခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး စက်ရုံဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)