ရန်ကုန် မေ ၃၁
ကိုဗစ်-၁၉ ရောဂါကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ရသော ရန်ကုန်မြို့ရှိ ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
တော်တော်များများပြန်ဖွင့်
“ကျွန်တော်တို့ ရန်ကုန်ဟိုတယ် ဇုန်အတွင်းမှာတော့ ဟိုတယ်အသေးတွေ တော်တော်များများ ပြန်ဖွင့်နေကြပြီ ဖြစ်ပါတယ်။ ဒါကလည်း ဝန်ထမ်းတွေ ပေးရတဲ့လခတို့၊ မီးလိုင်း၊ ရေလိုင်းတွေ မပျက် စီးအောင် ဖြစ်ပါတယ်။ အကျိုးအမြတ်ကတော့ သိပ်မရှိသေးပါဘူး။ လုပ်ငန်းတွေ ရပ်တန့်မသွားအောင် ထိန်းတဲ့သဘောပါ။ လက်ရှိလည်း ပြည်တွင်း ခရီးသွားလာမှုကရှိလာတော့ ဖွင့်ကြတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။
သို့သော် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် ဟိုတယ်ကြီးများမှာ ပြည်ပဧည့်သည် လာရောက်ခြင်းမရှိသေးသည့်အတွက် ဖွင့်လှစ်ခြင်း မရှိသေးဟုဆိုသည်။ ။
ဖွင့်လှစ်ရခြင်းဖြစ်
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သော ဟိုတယ် လုပ်ငန်းများမှာ ပြည်တွင်း ခရီးသွားလာမှုနှင့်သက်ဆိုင်သော ဟိုတယ်လုပ်ငန်း အသေးစားများဖြစ်သည်။ ယင်းဟိုတယ် ငယ်များသည် ကိုဗစ်ကာလ အချိန်ကြာမြင့်စွာ ပိတ်ထားရခြင်းများကြောင့် ရေရှည်တွင် ထိန်းသိမ်းရန်ခက်ခဲပြီး ဝန်ထမ်းစရိတ်၊ ရေမီးလုပ်ငန်းများ အဆက်မပြတ်စေရန် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)စာရင်း အရ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြည်တွင်းနှင့်ဆိုင်သော ဟိုတယ် အသေး အလုံးပေါင်း ၃၅၉ လုံးရှိကြောင်း၊ အခန်းပေါင်း ၁၆၂၂၄ ခန်း ရှိကြောင်း၊ ဟိုတယ်အလုံးရေမှာ စာရင်းဝင်မဖြစ်သေးသည့် ဟိုတယ်များ ရှိနေခြင်းကြောင့် ထိုထက်ပိုမိုနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် ဟိုတယ် အကြီးအလုံးရေ ၂၀ ခန့်ရှိနေပြီး အခန်းအရေ အတွက်အနေဖြင့် ၄၂၂၄ ခန်းရှိကြောင်း၊ သို့သော်လည်း ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှုမရှိသေးသည့်အတွက် ပြန်လည် ဖွင့်လှစ် ခြင်းမရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်သည့် အလျောက် ပြည်တွင်းပြည်ပ ကူးလူးဆက်ဆံမှုများပြားပြီး ခရီးသွား လာရောက်မှုအများဆုံးဖြစ်ကြောင်း၊ အဘက်ဘက်မှ တည်ငြိမ်မှုရရှိလာပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်