Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက် ဆောင်ရွက်

နေပြည်တော် မေ ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီး များ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်း လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့ စွာအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေး အတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ကျောင်းများလာရောက်အပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Qurantine ဆောင်များ အဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သားများက လိုအပ်သည့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်