Skip to main content

အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၃၁

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သာစည်ကျေးရွာနေ လှိုင်ထွန်း (၃၆)နှစ် (ဘ) ဦးရွှေသိုင်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းအားနေအိမ် အတွင်းမှ လက်လုပ်သေနတ်ပြုလုပ်ရာတွင် သံပိုက် ၄၉ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထိုသို့စစ်ဆေးနေစဉ် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်ထွန်း၏ နေအိမ်အနောက်ဘက် ဝါးရုံတောအတွင်းမှ လက်နက်ကိုင်အကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်သူများမှာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါနေရာအား သွားရောက်ရှင်းလင်းစစ်ဆေးခဲ့ရာ ဝါးရုံတောအတွင်းမှ MA-13 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဖမ်းဆီးရမိသူ လှိုင်ထွန်း၏ ထွက်ဆိုချက်အရ နံနက် ၉ နာရီအချိန်တွင် ၎င်း၏နေအိမ်အနီး မှ CDM ပြုလုပ်ထားသူ မြတ်မြတ်ခိုင် (၂၇)နှစ်၊ မူလတန်းပြဆရာမ (ဘ) ဦးမောင်ကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ၅.၅၆ ကျည် ၉ တောင့်၊ CDM နှင့် အကြမ်းဖက်သူများအား ထောက်ပံ့ရန် နိုင်ငံခြားမှ ပေးပို့ထားသည့်ငွေ ၁,၃၀၀,၀၀၀ ကျပ်၊ USA ဒီမိုကရေစီ မိတ်ဆွေများဟု ရေးသားထားသည့် စာအိတ် ၃ လုံးနှင့် နိုင်ငံတော်ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ လက်ကမ်းစာရွက် ၂၈၅ ရွက်နှင့် အခြားစာရွက် စာတမ်းများအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်