တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၏ လောကပါလတရားများဖြစ်ကြသည်။ ယင်းလောကပါလတရားတို့ ထွန်းကားပါမှလည်း ဒီမိုကရေစီလူ့အဖွဲ့ အစည်းမှာ အေးချမ်းသာယာဖွံ့ဖြိုးနိုင်မည်။ တစ်ဖက်တွင်လည်း လူ့ အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုး ရန်အရေးကြီးသည်။ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့က တိုက်ရိုက်ဆက်နွှယ်နေသည်။ တရားဥပဒေစိုးမိုးလျှင် မှုခင်းကျဆင်းမည်။ တရားဥပဒေမစိုးမိုးလျှင် မှုခင်းမကျဆင်းနိုင်။
တရားဥပဒေ၏ အနက်အဓိပ္ပာယ်သည် မျှတခြင်း၊ အေးချမ်းခြင်းနှင့် စိုးမိုးခြင်းဟူ၍ ဖြစ်သည်။ ပြီးခဲ့သည့်အစိုးရလက်ထက် တွင် မူးယစ်ဆေးဝါးမှုများ အဆမတန်များနေကြောင်း၊ လူသတ် မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများ တစ်နှစ်ထက် တစ်နှစ်များနေကြောင်း၊ တရားဥပဒေ စိုးမိုးရေးအားနည်းနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက တင်ပြဆွေးနွေးဝေဖန် သုံးသပ်ခဲ့ကြသလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကလည်း တရားစွဲအဖွဲ့ အစည်းများနှင့် ပြည်သူအားလုံးပါဝင်ကာ အမျိုးသား ရေးသွင်ဖြင့် စနစ်တကျ ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်းပါဝင်နိုင်မှသာ မှုခင်များလျော့နည်းကျဆင်း နိုင်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်။ တရားဥပဒေသည် လူတို့အတွက် အကာအကွယ်အစောင့် အရှောက်ဖြစ်သည်။ လူ့အဖွဲ့အစည်း ကိုလည်း တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းစောင့်ရှောက်သည်။ ပဒေ၏အထက် တွင်မည်သူမျှမရှိဟူသော အဆိုကို သတိမူကြရန်လိုသည်။ ဥပဒေကို လေးစားဖို့၊ လိုက်နာဖို့ လိုသည်။ ဥပဒေကို သိရှိနားလည်ရန် လည်း လိုအပ်သည်။
ဥပဒေကိုမသိနားမလည်၍ ပြစ်မှုကျူးလွန်မိ ပါသည်ဟု ဆင်ခြေပေး၍ မရသည့်အလျောက် သိနားလည်အောင် လေ့လာထားရမှာလည်းဖြစ်သည်။ လူတို့၏ စရိုက်သဘာဝတွင် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသတရားတို့က ခြယ်လှယ်လျက်ရှိရာ လောဘဒေါသမောဟတရားတို့ လွန်ကဲ သည့်အခါ မကောင်းမှုအပြစ် ဒုစရိုက်တို့ကို ကျူးလွန်မိတတ်သည်။ ကျူးလွန်စဉ် အခါတွင် အမိုက်တရား၊ အင်တရားတို့ ဖုံးလွှမ်းနေသည့်အလျောက် စိတ်နောက်ကိုယ်ပါ ကျူးလွန်တတ် ကြသော်လည်း ဥပဒေရှေ့မှောက်ရောက်သည့်အခါတွင်မူ မသိ၍ ကျူးလွန် မိပါသည်၊ မရှိ၍ လုပ်စားမိပါသည် စသည့်ဆင်ခြေမျိုး ပေး၍ မရသည့်အလျောက် ဥပဒေကို နားလည်ရန်၊ လေးစားရန်၊ လိုက်နာရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအတွင်း ဥပဒေကို သိနားလည်မှု မြင့်မားလာစေရေး၊ လေးစားလိုက်နာစေရေးတို့အတွက် ပညာပေးမှု၊ လေ့ကျင့် ပျိုးထောင်မှုတို့ကို ဥပဒေအဖွဲ့ အစည်းများက ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ်ပြုလုပ်သွား ကြရမှာလည်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးတွင် အစိုးရတစ်ရပ်၏ သန္နိဋ္ဌာန်က အဓိကဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကင်းစင်ရေး ဆောင်ရွက်ရာတွင် တရားစွဲအဖွဲ့အစည်းများနှင့်အတူ ပြည်သူများ ၏ ပူးပေါင်းပါဝင်မှုက အရေးကြီးသည်။ ပြည်သူအားလုံး ပူးပေါင်း ပါဝင်ရန်လည်း ကျန်ရှိသည်။ တရားဥပဒေစိုးမိုးရေးတာဝန်ကို နိုင်ငံသူ နိုင်ငံသားအားလုံး ကျေပွန်ရန်လိုအပ်သည်။ ရဲတပ်ဖွဲ့၊ ဥပဒေအဖွဲ့ အစည်းများကို ကူညီရန် တမင်ပျက်ကွက်ပါက ဥပဒေအရ တာဝန်ရှိလာမည် ဖြစ်သည်။ “သတင်းပေးရန်တာဝန်” ကို ပျက်ကွက်ခြင်းတွင် ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်များရှိကြောင်း သတိမူကြရန် လိုအပ်သည်။ တရားဥပဒေ ပြဋ္ဌာန်းချက်များဟူသည် ပြည်သူတစ်ဦးချင်းကိုလည်းကောင်း၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို လည်းကောင်း ကာကွယ်စောင့်ရှောက်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို အလေးအနက် ဆင်ခြင်နိုင်ကြ ပါစေကြောင်း။