မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြ သည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားအနှောင့် အယှက်ဖြစ်စေသည့် တရားမဝင်လောင်းကစားမှုအပါအဝင် ဒုစရိုက်မှုမျိုးစုံပြုလုပ်နေကြသော ပြည်တွင်း၊ ပြည်ပ ဒုစရိုက်သမားများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က စဉ်ဆက်မပြတ် ချေမှုန်းရှင်းလင်းလျက်ရှိသည့်အပြင် ယင်းတို့စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။
ထိုကဲ့သို့ မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေတွင် အခြေပြု၍ online လိမ်လည်မှုများ၊ online လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုကြောင့် ဖမ်းဆီးခံရပြီး နိုင်ငံတော်အစိုးရက သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်ဒဏ်ပေး လွှဲပြောင်းပေးအပ်မည့် ပြည်ပနိုင်ငံသားများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Gladys Muthoni ကင်ညာနိုင်ငံသူ
ထိုင်းနိုင်ငံမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အလုပ်လုပ်ရမယ်ဆိုပြီး Telegram နဲ့ Facebook ကနေ သူငယ်ချင်းကဆက်သွယ်လာပါတယ်။ ဒါကြောင့် ကင်ညာနိုင်ငံကနေ အီသီယိုးပီးယားနိုင်ငံကို လေယာဉ်နဲ့လာတယ်။ အဲဒီကနေတစ်ဆင့် ထိုင်းနိုင်ငံဗန်ကောက်ကို ရောက်ပါတယ်။ ဗန်ကောက်ကနေ မြန်မာနိုင်ငံထဲကို ကားနဲ့ တစ်ယောက်တည်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက KK Park ကို ရောက်တော့ အွန်လိုင်းလိမ်လည်မှု လုပ်ရမယ်မှန်းမသိခဲ့ပါဘူး။ ကွန်ပျူတာပိုင်းဆိုင်ရာ အလုပ်ပဲလုပ်ရမယ်လို့ ထင်ခဲ့တယ်။ ဒီကိုရောက်တဲ့အခါကျမှ အွန်လိုင်းလိမ်လည်မှုအလုပ်ကို လုပ်ခဲ့ရပါတယ်။ တစ်နေ့ကို ၁၈ နာရီလောက် အလုပ်လုပ်ရပါတယ်။ အခုကတော့ ကျွန်မတို့ကို သက်ဆိုင်ရာသံရုံးနဲ့ ချိတ်ဆက်ပြီး ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။
Mary Jane a Vicente ဖိလစ်ပိုင်နိုင်ငံသူ
ဖိလစ်ပိုင်ကနေ ထိုင်းကို လေယာဉ်နဲ့လာခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ဖို့အတွက် တောင်တစ်လုံးကို ဖြတ်ကျော်ခဲ့ရတယ်။ တရုတ်လူမျိုး တစ်ယောက်က ကျွန်မအပါအဝင် ၂၇ ယောက်ကို ကားသုံးစီးနဲ့ ခေါ်လာခဲ့ပါတယ်။ ထိုင်းဘက်ကနေ ညပိုင်းမှာမြစ်ကိုကျော်ပြီး KK Park ထဲကို ရောက်လာခဲ့ပါတယ်။ HR ရာထူးနဲ့လစာတွေ အများကြီးပေးမယ်ဆိုပြီး ခေါ်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုဆိုတာကို လုံးဝမသိခဲ့ရပါဘူး။ ကျွန်မကို မြန်မာနိုင်ငံမှာ အလုပ်လုပ်ရမယ်လို့လည်း တစ်ခါမှမပြောခဲ့ဘူး။ ထိုင်းနိုင်ငံမှာပဲ HR ရာထူးနဲ့ အလုပ်လုပ်ရမယ် ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုတဲ့ စကားလုံးတစ်လုံးမှမပြောခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မမြန်မာနိုင်ငံကို ရောက်လာခဲ့ရတယ်။ မြန်မာနိုင်ငံမှာ လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ကျွန်မမှာမရှိဘူး။ မြန်မာကိုလည်း လာတာမဟုတ်ဘူး။ ထိုင်းကိုပဲ သီးသန့်လာခဲ့တာ ဖြစ်ပါတယ်။
ဒီမှာလည်း ကျွန်မကို HR အနေနဲ့ ခေါ်တယ်ဆိုပေမယ့် တကယ်တမ်းကျတော့ Online scam တွေပဲ လုပ်ရပါတယ်။ တစ်ရက်ကို ၁၂ နာရီကြာအောင် အလုပ်လုပ်ရတယ်။ ဒီအလုပ်ရဖို့ ကျွန်မတို့ကို ဆိုရှယ်မီဒီယာဖြစ်တဲ့ Telegram ကနေတစ်ဆင့် ချိတ်ဆက်ပြီး ခေါ်ခဲ့တာပါ။ တစ်ခါတလေ အလုပ်မှာ သူတို့လိုအပ်တဲ့ Target ပန်းတိုင်မရောက်ရင် အပြစ်ပေးတာမျိုးတွေရှိတယ်။ ကျွန်မသူငယ်ချင်းတွေလည်း အပြစ်ပေးခံရတာတွေရှိတယ်။ KK Park အတွင်းထဲမှာ အလုပ်တွေနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေ တစ်ကနေ ခြောက်အထိရှိတယ်။ အဲ့ဒီမှာ ကျွန်မတို့ ဖိလစ်ပိုင်လူမျိုးတွေ အယောက်တစ်ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။
အခုထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံအစိုးရက ဆေးဝါးတွေ၊ အစားအစာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ကျွန်မတို့သံရုံးတွေနဲ့ ချိတ်ဆက်ပြီး နှစ်ပတ်လောက်နေရင် ပြန်ပို့ပေးမယ်လို့ သိရပါတယ်။ အမိနိုင်ငံကို ပြန်ချင်တဲ့အတွက် အမြန်ဆုံးပြန်လာ ခေါ်စေချင်ပါတယ်။
Benson Koech ကင်ညာနိုင်ငံသား
ကျွန်တော်က ဒူဘိုင်းမှာ အလုပ်လုပ်ပါတယ်။ ဗန်ကောက်ကိုအလည်လာရင်း ကုမ္ပဏီတစ်ခုရဲ့ Telegram အကောင့်ကနေ ဒီမှာအလုပ်လုပ်မလားဆိုပြီး ဆက်သွယ်လာခဲ့ပါတယ်။ စိတ်ဝင်စားတဲ့အတွက် ဗန်ကောက်မှာပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဗန်ကောက်ကနေ ၈ နာရီလောက်ဝေးတဲ့နေရာမှာ အလုပ်လုပ်မလားဆိုပြီး ထပ်ပြောခဲ့တယ်။ ကားအကောင်းစားတွေနဲ့လာခေါ်လို့ လိုက်လာခဲ့ပြီး ဒီကိုရောက်လာခဲ့ပါတယ်။ ကားပေါ်မှာ ကောင်းတဲ့အလုပ်ဟုတ်ရဲ့လားဆိုပြီး မေးခဲ့ပေမယ့် သူငယ်ချင်းတွေက ဒီအလုပ်က ကောင်းတဲ့ အလုပ်၊ လစာလည်းကောင်းမယ်၊ အခွင့်အရေးလည်း ကောင်းလိမ့်မယ်ပြောတာနဲ့ ဒီကိုရောက်လာခဲ့တယ်။ ဒီကိုရောက်တဲ့အချိန်မှာ အလုပ်တွေကို မလုပ်ဘူးလို့ ငြင်းဆန်ပေမယ့် အခွင့်အရေးမရတော့ဘူး။ KK Park ကို ရောက်လာတဲ့အချိန်အထိ ထိုင်းနိုင်ငံလို့ပဲ ထင်ခဲ့တယ်။ ဒီရောက်တော့ ဘယ်မှလဲမသွားရတော့ဘူး။
ဒီကို ရောက်တဲ့လမှာ အလုပ်ကိုဘယ်လိုလုပ်ရမယ်ဆိုတာ တစ်လလုံးသင်ကြားပေးတယ်။ ဖုန်းလေးလုံးပေးထားပြီး ဆက်သွယ်ခိုင်းတယ်။ ပြီးတော့ ထောင်နဲ့ချီတဲ့ မက်ဆေ့တွေကို စာပြန်ပို့ ရတယ်။ ဟိုဘက်က ဟိုင်း၊ နေကောင်းလားဆိုတဲ့ စာပြန်ပို့လာရင် အထက်က Senior တွေက ဘာပြန်လုပ်ရမလဲ ဆိုတာကိုညွှန်ကြားပေးတယ်။
ဒီကိုရောက်လာတော့ KK Park ဆိုတာကို စပြီးတော့သိလာတယ်။ အရင်ကတစ်ခါမှမကြားဖူးဘူး။ အလုပ်လုပ်ရတဲ့အချိန်တွေက တရုတ်နိုင်ငံ ပေကျင်းစံတော်ချိန်အတိုင်း ၉ နာရီမှ စလုပ်ရတယ်။ နောက်နေ့ မနက် ၂ နာရီအထိအလုပ်လုပ်ရတယ်။ တစ်ဖက်ကို စာပို့တဲ့အချိန်မှာ တစ်ဖက်ကပို့တဲ့ စာမပြန်ရင် ဘာဖြစ်လို့စာမပြန်လဲဆိုပြီး အပြစ်ပေးတာခံရပါတယ်။ နှစ်ရက်သုံးရက်အထိ အစာမကျွေးဘဲ ထားတဲ့အချိန်တွေရှိခဲ့ပါတယ်။ အပြစ်ပေးတဲ့အနေနဲ့ ပုံမှန်အိပ်တဲ့နေရာတွေမှာ ပေးမအိပ်ဘဲ အခြားနေရာတွေမှာ အိပ်ခိုင်းခဲ့တာမျိုးရှိတယ်။
အခုကတော့ မြန်မာနိုင်ငံရဲ့ ထိန်းသိမ်းရေးစင်တာမှာ အဆင်ပြေပါတယ်။ အရင်အလုပ်လုပ်ခဲ့တဲ့ KK Park မှာထက် ဒီမှာပိုအဆင်ပြေပါတယ်။ KK Park တုန်းက ပြန်ဖို့ပဲတွေးနေခဲ့တယ်၊ ပြန်ချင်လို့ မန်နေဂျာကို ပြောပေမယ့်လက်မခံခဲ့ဘူး။ ဒီထိန်းသိမ်းရေး စင်တာရောက်တော့ ပျော်ရွှင်ခဲ့ရတယ်။ စိတ်ချမ်းသာတယ်။
ဒီစင်တာက နံနက်စာ၊ နေ့လယ်စာနဲ့ ညစာ၊ ကောင်းမွန်တဲ့ရေတွေ၊ နေရာ ထိုင်ခင်းအဆင်ပြေပြေနဲ့ အခြားလိုအပ်တာတွေကို ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန် စီစဉ်ပေးထားတဲ့အတွက် မြန်မာနိုင်ငံရဲ့အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့လို နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းနိုင်ငံဘက်ကတစ်ဆင့် ရောက်လာကြတယ်။ ကျွန်တော်တို့ အာဖရိကဘက်ကလာတဲ့ သူတွေပိုများတယ်။ အခုငါးလအတွင်း ထိုင်းဗီဇာကြောင့် လာတဲ့သူတွေနည်းသွားတယ်။ ကျွန်တော်လာတုန်းက ၁၈ နာရီလောက်ကြာတယ်။
ကျွန်တော့် လက်မှာရှိတဲ့ ဒဏ်ရာက အပြစ်ဒဏ်လျှပ်စစ်မီးနဲ့ တို့ခံရတဲ့ဒဏ်ရာဖြစ်တယ်။ တချို့သူတွေဆို ခေါင်းကိုစားပွဲနဲ့ ဆောင့်ရိုက်ခံရတဲ့ သူတွေလည်းရှိတာကို ကြုံတွေ့ခဲ့ရတယ်။ ပြစ်ဒဏ်ကြီးကြီးမားမားပေးချင် တဲ့အခါမှာ ရုံးခန်းထဲခေါ်ပြီး အပြစ်ပေးတယ်။
KK Park မှာ ဖုန်းကို တစ်နာရီလောက်ပဲပေးသုံးတယ်။ ပေးသုံးတဲ့အချိန်မှာလည်း အထူးကြပ်မတ်ပြီးတော့ စောင့်ကြည့်နေတယ်။ ဖုန်းမှာ Password ထားပိုင်ခွင့်မရှိဘူး။ အချက်အလက်တွေကို သူတို့အကုန်သိမ်းထားတယ်။ မိသားစုဝင်တစ်ယောက် နှစ်ယောက်ကိုပဲပေးပြီး ဆက်သွယ်ခွင့်ပြုပေးတယ်။ သက်ဆိုင်ရာကို အကူအညီတောင်းတာတွေ့ရင် အစအနဖျောက်မယ်လို့ ခြိမ်းခြောက်တယ်။ ဒီကိုရောက်ရောက်ချင်းလမှာ ထိုင်းဘတ်သုံးသောင်းပေးတယ်။ နောက်ပိုင်းမှာ မပေးတော့ဘူး။ စားသောက် နေထိုင်ဖို့လောက်ပဲပေးတယ်။ အလုပ်နောက်ကျရင် ဒဏ်ငွေဆောင်ရတယ်။ ကျွန်တော်တို့ ဒီရောက်နေတဲ့ အာဖရိက နိုင်ငံသားအားလုံးရဲ့ မိသားစုတွေက ဗန်ကောက် ဒါမှမဟုတ် တရုတ်နိုင်ငံတို့မှာ အလုပ်လုပ်နေကြတယ်လို့ ထင်ကြတယ်။ KK Park မှာ အလုပ်လုပ်နေတယ်လို့ ပြောပိုင်ခွင့်မရှိပါဘူး။
Mumtaz Tahir khan ပါကစ္စတန်နိုင်ငံသား
ဒီအလုပ်ကို စသိတာက အွန်လိုင်းကတစ်ဆင့်သိတာပါ။ အဲဒီကနေ ဆက်သွယ်မိပြီး ဗန်ကောက်ကို ရောက်လာတယ်။
အဲဒီကို ရောက်တဲ့အချိန်မှာ အချိုရည်တစ်ခုကိုသောက်လိုက်တယ်။ ပြန်နိုးလာတဲ့အချိန်မှာ တောအုပ်တစ်ခုထဲမှာရောက်နေတယ်။ အဲဒီတောအုပ်ထဲမှာ လူသုံးယောက်က ဓားရှည်နဲ့ ပစ္စတိုနဲ့ စောင့်နေပြီး KK Park ထဲရောက်နေတဲ့ အကြောင်းပြောပြတယ်။ တရုတ်ကောင်မလေးနှစ်ယောက်က ရုံးထဲကိုခေါ်သွားတယ်။ အဲဒီတရုတ်လူမျိုးတွေကိုလည်း တစ်ခါမှမမြင်ဖူးဘူး၊ သိလည်းမသိဘူး။ အလုပ်လုပ်ဖို့ ကမ်းလှမ်းတယ်။ ပထမဦးဆုံးသုံးလကို ထိုင်းဘတ်တစ်သောင်းခွဲပေးမယ်လို့ ကမ်းလှမ်းတယ်။ အဲဒီသုံးလအတွက် တစ်ပြားမှမရခဲ့ဘူး။ နောက်ဆုံး ရွေးချယ်စရာလမ်းမရှိတော့ အဲဒီမှာပဲနေခဲ့ရတယ်။
အခုလို မြန်မာနိုင်ငံအစိုးရက ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဲဒီမှာ ငါးလနေခဲ့ရတယ်။ စရောက်တော့ စာပို့တဲ့အလုပ်မှာ လုပ်ရတယ်။ KK Park တစ်ကနေ ငါးအထိရှိတယ်။ အပြင်ထွက်ဖို့ အမျိုးမျိုးကြိုးစားပေမယ့်မရခဲ့ဘူး။ ကျွန်တော့်မိန်းမနဲ့ ညီလေးလည်း အဲဒီမှာပဲအလုပ်လုပ်နေရတယ်။ အဲဒါကြောင့် အကူအညီအများကြီး လိုအပ်ခဲ့တယ်။
အခုလို လွတ်မြောက်ချင်တဲ့အတွက် အဲဒီကထွက်လာတဲ့အချိန်မှာပစ္စည်းတွေ ဘာတစ်မှမယူဘဲ ပြေးလာခဲ့တာဖြစ်ပါတယ်။ ထိန်းသိမ်းရေးစင်တာမှာ ကျွန်တော်ကို ကူညီပေးတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အမြန်ဆုံး သံရုံးနဲ့ချိတ်ဆက်ပြီး အမြန် ဆုံး ပြန်ပို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော် ဒီမလာခင်က ကျွန်တော်တို့ နိုင်ငံမှာပဲ အိမ်ခြံမြေအရောင်းအဝယ်လုပ်ပါတယ်။ ဗန်ကောက်ကို ရောက်လာတဲ့အကြောင်းက လူတစ်ဦးက လစာအများကြီးနဲ့ ကမ်းလှမ်းတဲ့အတွက် ရောက်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာလည်း ဒီလိုမျိုး Typing အလုပ်တွေရှိတယ်။ အဲဒီ Typing အလုပ်က တရားဝင်ဖြစ်တယ်။ ဒီရောက်မှ Typing အလုပ်ဟာ ငွေလိမ်တဲ့အလုပ်မှန်း ကျွန်တော်သိရတယ်။ အပြင်သွားလို့မရဘူး။ လုံခြုံရေးအပြည့်ချထားတယ်။ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို ဗီရိုထဲမှာစနစ်တကျထားရတယ်။ ၈ နာရီထိုးကနေ မွန်းလွဲ ၂ နာရီအထိအလုပ်လုပ်ရတယ်။ ထမင်းစားချိန်ကို မိနစ် ၃၀ ပေးထားတယ်။ ပြီးတော့ ညနေ ၅ နာရီကနေ မနက် ၄ နာရီအထိ တစ်နေ့ကို ၁၇ နာရီ ကနေ ၁၈ နာရီအထိ အလုပ်လုပ်ရတယ်။
ကျွန်တော် ထိန်းသိမ်းရေးစင်တာမှာ အဆင်ပြေပါတယ်။ ကျွန်တော့်ကို ကူညီပေးကြတဲ့ မြန်မာနိုင်ငံအစိုးရကို လည်း ကျေးဇူးတင်ပါတယ်။ မြန်မာအစိုးရက သံရုံးတွေနဲ့ချိတ်ဆက်ပြီး အများကြီးကူညီဆောင်ရွက်ပေးပါတယ်။ ကျွန်တော့်အနေနဲ့ တောင်းဆိုချင်တာတော့ အမြန်ဆုံးအိမ်ပြန်ရောက်အောင် ကူညီပေးဖို့ တောင်းဆိုချင်တယ်။
Zhang Hao Nan တရုတ်နိုင်ငံသား
တရုတ်နိုင်ငံကနေလာတော့ ဘယ်ကုမ္ပဏီမှာ လုပ်ရမယ်ဆိုတာမသိဘူး။ ကျွန်တော့်ကို လိမ်ခေါ်လာတော့ ဘာအလုပ်လုပ်ရမယ်ဆိုတာမသိဘူး။ ကျွန်တော်က အွန်လိုင်းကိစ္စလာတာမဟုတ်ပါဘူး။ ကျွန်တော်ရောက်တာ မကြာသေးပါဘူး။ နှစ်လကျော်လောက်ပဲ ရှိပါသေးတယ်။ အလုပ်တွေ မလုပ်ရသေးပါဘူး။
ကျွန်တော့်သူငယ်ချင်းက ထိုင်းမှာအလုပ်လာလုပ်ဖို့ခေါ်တယ်။ ထိုင်းနိုင်ငံရောက်ပြီးမှ ဒီဘက်ကို ရောက်လာတာပါ။ အကြွေးရစရာရှိတာကို ထိုင်းဘက်မှာလာယူပြီး ပြန်ဖို့ပြောလို့ ထိုင်းကိုရောက်လာတာပါ။ ပိုက်ဆံလာယူဆိုပြီး လိမ်ခေါ်တယ်။ ထိုင်းရောက်တော့ တခြားလူလွှတ်ပြီး လာခေါ်တယ်။ လူငါးယောက်က ကားနဲ့လာကြိုပြီး KK Park ကို ရောက်လာတယ်။
Bong Bong တရုတ်နိုင်ငံသား
ကျွန်တော်ကတော့ ကွမ်တုံမြို့ကနေပြီးတော့ ထိုင်းနိုင်ငံကို ရောက်ပါတယ်။ ထိုင်းရောက်တော့ ကျွန်တော့်ကို ကားပေါ်ဆွဲတင်ပြီး မလိုက်ချင်ဘူးဆိုတော့ ကျွန်တော့်ကို ရိုက်ပါတယ်။ KK Park ကို ရောက်တဲ့အချိန်မှာ ကျွန်တော် အလုပ်မလုပ်ပါဘူး။ အလုပ်မလုပ်တော့ အဲဒီကလူတွေက ကျွန်တော်ကိုရိုက်ပြီးတော့ အခန်းထဲမှာ ပိတ်ထားပါတယ်။ KK Park ကိုရောက်မှ မြန်မာနိုင်ငံထဲမှာ မှန်းသိရတယ်။ ငါးလလောက် အလုပ်မလုပ်တဲ့အတွက် ကျွန်တော့်ကို အခန်းထဲမှာပိတ်ထားပါတယ်။ အဲဒီချိန်မှာ တစ်နေ့ကို ထမင်းတစ်နပ်ပဲကျွေးပါတယ်။ အခု မြန်မာနိုင်ငံအစိုးရက စီစဉ်ပေးထားတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ပြန်ချင်တယ်။ ဟိုဘက်က လာမကြိုသေးတဲ့အတွက် စောင့်နေရတာဖြစ်ပါတယ်။
Xu You qiqng တရုတ်နိုင်ငံသား
တရုတ်နိုင်ငံကနေ စထွက်လာပြီးတော့ ထိုင်းနိုင်ငံကို ရောက်ပါတယ်။ အောက်လမ်းကနေ လာတာဖြစ်ပါတယ်။ ထိုင်းကနေရောက်လာပြီးတော့ မြန်မာနိုင်ငံမှန်းမသိပါဘူး။ KK Park ကို ရောက်လာတာ နှစ်လကျော်လောက်ပဲရှိပါသေးတယ်။ ဘာမှမလုပ်တတ်တဲ့အတွက် အခန်းကျဉ်းလေးထဲမှာ ချုပ်ထားပါတယ်။ တစ်ရက်ကို တစ်ခါလောက်တော့ မိသားစုနဲ့ အဆက်အသွယ်ရပါတယ်။ သူဌေးတွေက အကောင်းတွေကိုပဲ ပြောခိုင်းတယ်။ အိမ်ကမိသားစုတွေ စိတ်မခံစားရအောင် အကောင်းတွေပဲ ပြောပြရပါတယ်။ Phyo Phyo အကောင့်ကနေတွေ့ပြီး ပစ္စည်းအတင်အချအလုပ်တွေရှိတယ်ဆိုပြီး ဒီဘက်လာလုပ်ဆိုပြီးပြောတာပါ။ ကျွန်တော်တို့ကို အခုမြန်မာနိုင်ငံက တာဝန်ရှိသူတွေက လုံခြုံအောင် ထားပေးတဲ့အတွက်ကောင်းပါတယ်။ မြန်မြန်တော့ ဆောင်ရွက်ပေးပါ၊ အိမ်ပြန်ချင်ပါတယ်။
အောင်ဂျိုင်း
ဓာတ်ပုံ-မင်းမင်း
