Skip to main content

တောင်သူများပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်းနည်းလမ်းအား သုတေသီဝန်ထမ်းများ နည်းပညာသရုပ်ပြ

နေပြည်တော် နိုဝင်ဘာ ၁၀

တောင်သူများ ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်း (Participatory Varietal Selection) နည်းလမ်းအား သုတေသီဝန်ထမ်းများအား နည်းပညာသရုပ်ပြခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ စပါးသုတေသန ဗဟိုဌာနစိုက်ကွင်း၌ကျင်းပသည်။

သရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က “Participatory Plant Breeding” နည်းလမ်းတွင် အသုံးပြုထားသော Selected Bulk Method (ရွေးချယ်၍ စုစည်းမွေးမြူသော နည်းစနစ်) ၏ အခြေခံသဘောတရားများ၊ Pedigree နှင့် Bulk Method တို့၏ ကွာခြားချက်များ၊ Modified Bulk method (ပြုပြင်ထားသော စုပေါင်းမွေးမြူရေးနည်းစနစ်) အပါအဝင် Bulk Methodology အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အပင်ဇီဝကမ္မဗေဒဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ လေ့လာသင့်သည်များ၊ အခြားထည့်သွင်းစဉ်းစားရမည့်အချက်များနှင့် သတိပြု ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပို့ချဆွေးနွေးပြီး သုတေသနရလဒ်ကို ကွင်းဆင်းကြည့်ရှု အကဲဖြတ်ကြသည်။

အဆိုပါ နည်းပညာသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သီးနှံမျိုးကူးစပ်မွေးမြူသူ ပညာရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် မျိုးမွေးမြူကူးစပ်ခြင်းနှင့် မော်လီကျူလာ နည်းပညာဆိုင်ရာ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မျိုးမွေးမြူကူးစပ်ခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ပညာရှင်များအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌တွေ့ဆုံ၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနကဏ္ဍနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့ဖြစ်သည့် စိုက်ပျိုးပညာပေးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ရှေ့ဆက်ရန်လိုအပ်ချက်များ၊ မျိုးမွေးမြူရေးစံလုပ်ငန်းစဉ် (Breeding SOP)ကို စနစ်တကျပြင်ဆင်ရန်လိုအပ်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသောမျိုးများရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ပေါ်ဆန်းနှင့် တောင်ပျံကဲ့သို့သော ဒေသမျိုးများအား မျိုးထွန်းမွေးမြူခြင်းတွင် Mutation Breeding ကို အသုံးပြုသွားရန်၊ ပေါ်ဆန်းစပါးအားသင့်တော်သည့် အခြားမျိုးတူ စပါးမျိုးများနှင့် မျိုးကူးစပ်မွေးမြူ၍ အားနည်းချက်များကိုပြုပြင်ရန်၊ ပေါ်ဆန်းစပါးအတွက် မျိုးထိန်းသိမ်းသန့်စင်ခြင်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ မျိုးစေ့ဘဏ်အတွင်း ထိန်းသိမ်းထားသည့် မျိုးများအား ကွင်းအတွင်း စိုက်ပျိုးထိန်းသိမ်းသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်၍ မျိုးထိန်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးက မျိုးစပ်မွေးမြူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ ပညာရှင်များအနေဖြင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာ၏ အရေးပါမှုနှင့် AI နည်းပညာအား အကျိုးရှိရှိအသုံးချ၍ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်