Skip to main content

ပန်းခင်းသည့် အခွင့်အခါ

လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေကို ၅၇ သန်းခန့်ရှိပြီဟု ခန့်မှန်းထားသည်။ လူဦးရေသည် နှစ်စဉ်တိုးလာနေသည်ဟု ဆိုသော် ငြားလည်း မွေးဖွားလာသူများ၊ သေဆုံးသွားသူများနှင့် ကိန်းဂဏန်းအပြောင်းအလဲများက အချိန်တိုင်းမှာ ရှိနေသည်။ ထို့အပြင် လူဆိုသည်မှာ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းတတ် ကြသည့် သဘောအရလည်းကောင်း၊ တာဝန်အရ ဒေသ ရွှေ့ပြောင်းထမ်းဆောင်ကြရခြင်းကြောင့် လည်းကောင်း ဇာတိဒေသ သို့မဟုတ် မူလနေထိုင်ရာ နေရာတို့မှ ရွှေ့ပြောင်းကြသည်။ လူတစ်ဦးအနေဖြင့် မွေးဖွားလာချိန်တွင် မွေးစာရင်းတစ်ခုကို ရယူကာ အရွယ်ရောက်လာချိန်တွင် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုင်ဆောင်ရမည့် အသိအမှတ်ပြု ကတ်ပြားတစ်ခုခုကို ကိုင်ဆောင်ကြရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုအနေဖြင့်မူ အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုကို ထာဝစဉ်ကိုင်ဆောင်ထားကြရသည်။ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့သည် မိသားစုတစ်စုနှင့် လူတစ်ဦးအတွက် အသိအမှတ်ပြု သက်သေခံအထောက်အထားပင်ဖြစ်သည်။ ယင်းသက်သေခံ အထောက်အထားများက အရာဌာနကိစ္စများစွာတွင် အရေးပါသည်။ သို့ရာတွင် မိမိတို့နိုင်ငံ အတွင်း အဆိုပါ သက်သေခံအထောက် အထားတစ်စုံတစ်ရာကို ဘာတစ်ခုမှ ကိုင်ဆောင် ထားခြင်း၊ မရှိသူများ သန်းနှင့်ချီ၍ ရှိနေသည်။ ယင်းသို့ အထောက်အထား တစ်စုံတစ်ရာ မရှိသူများမှာ ၎င်းတို့အတွက် ထိခိုက်နစ်နာမှုများ လည်း များစွာရှိနေသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သည့် လူဦးရေ ၄ ဒသမ ၆ သန်းကျော်ရှိခဲ့ရာ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရန် လိုအပ်လာသည်။ မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ၃ ဒသမ ၈ သန်းကျော် ကို ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိရေး ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်သည်။ ပန်းခင်းစီမံ ချက်အရ - (၁) လက်ရှိဇာတိမြေတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ အား ဆောင်ရွက်ပေးခြင်း၊ (၂) လက်ရှိ ဇာတိဒေသတွင် အမြဲ တမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၃) ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိသေတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၄) ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေး သွားမည်ဖြစ်သည်။ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းက သက်ဆိုင်ရာ ရုံးဌာနများသို့ သွားရောက်ရန် အခက်အခဲရှိသူ၊ ရုံးဌာနများသို့ ဝင်ထွက်သွားလာရန် မဝံ့ရဲသူတို့အတွက် လွန်စွာလွယ်ကူ မြန်ဆန်စေမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း အိမ်ထောင်စု လူဦးရေစာရင်းသည် လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်သည်လည်းကောင်း အိမ်ထောင်စု တိုင်း၊ လူတိုင်းအတွက် တစ်ဘဝတာအရေးပါ အရေးကြီးသည်ကို အလေးအနက်သိမြင်ကြပြီး အခွင့်သာခိုက် ပူးပေါင်းဆောင်ရွက်ကာ ရယူနိုင်ကြပါစေကြောင်း။ ။