၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးတွေ့ရှိမှုများကို သတင်းထုတ်ပြန်လိုက်ရာ ဥပဒေနှင့် မညီညွတ်မှုများ၊ မှားယွင်းမှုများ၊ ပျက်ကွက်မှုများနှင့် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် လွတ်လပ်သန့်ရှင်းမှု အပေါ် သံသယဖြစ်ဖွယ်ရာ အချက်အလက်များ ပေါ်ထွက်လာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်း၏မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများကို သက်ဆိုင်ရာမြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်အတွင်း ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ခဲ့သည့် မဲဆန္ဒရှင်စာရင်းနှင့် လ.ဝ.က ၏ (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းတို့ ကွာခြားချက် နှစ်သန်းကျော် ရှိနေသည်။ မဲစာရင်း များတွင် မည်သည့်နိုင်ငံသားလက်မှတ် အထောက်အထားမျှမရှိသူ ခုနစ်သိန်းခွဲခန့်၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်အထက် ပါဝင်သူ တစ်သောင်းကျော်၊ နှစ်ကြိမ်ပါဝင်သူ နှစ်သိန်းခုနစ်သောင်းခန့်ပါဝင်နေသည်။ ဤသည်မှာ မဲစာရင်းကောက်ယူမှု ဥပဒေနှင့် မညီညွတ်သောကြောင့် ဖြစ်သည်။ထို့အပြင် တရားမဝင် ဆောင်ရွက် မှုများကြောင့် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ အပိုတွေ့ရှိခြင်း၊ အသုံးပြုခဲ့သည့်မဲထက် ခိုင်လုံမဲအရေအတွက်က ပိုနေခြင်း၊ ဥပဒေနှင့်မညီသည့် ကြိုတင်မဲ ကောက်ခံမှုများရှိခဲ့ခြင်း စသည်တို့ အပါအဝင် အာဏာရပါတီနှင့် အစိုးရတို့၏ လွှမ်းမိုးမှု များကိုပါ စိစစ်တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် အာဏာရပါတီအနေဖြင့် အားသာချက်ရှိပြီး ဖြစ်သည့်အပြင် သာမန်အားဖြင့်ပင် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် အခြေအနေများ ရှိနေပါလျက်နှင့် အိတ်သွန်ဖာမှောက် လုံးဝအနိုင်လိုသည့် လောဘဇောကြောင့် ဥပဒေကို ကျော်လွန်ဆောင်ရွက်မှုများ၊ နိုင်ငံတော်အာဏာကို အပိုင်စီးလိုသည့် လုပ်ရပ်များ ဆောင်ရွက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်ပြီး ပြည်သူလူထုကိုယ်စား ရွေးကောက်ပွဲများမှ တင်မြှောက် ပေးလိုက်သည့် အစိုးရက အချုပ်အခြာအာဏာကို ကိုယ်တွယ် ကျင့်သုံးကြခြင်းဖြစ်သည်။ အစိုးရ၏ဆုံးဖြတ်ချက်များကို လူများစု၏ ဆန္ဒနှင့်အညီ ချမှတ်ကြ ရသော်လည်းလူနည်းစု၏ အမြင်သဘောထားတို့ကို မပစ်ပယ်ဘဲ လေးစားကြရသည်။ ဒီမိုကရေစီ စနစ်ရှင်သန် ထွန်းကားရေးအတွက် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ မှန်မှန်ကျင်းပရေးမှာ လွန်စွာအရေးကြီးသည်။ ယင်းသို့ဖြစ်ရန်မှာလည်း ရွေးကောက်ပွဲကော်မရှင်သည် အာဏာရပါတီနှင့် အစိုးရအဖွဲ့တို့၏ ဩဇာလွှမ်းမိုးမှုမှ လွတ်ကင်းရန်နှင့် ဘက်လိုက်မှုကင်းရှင်းရန်လည်း လိုအပ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ အကြိုကာလ ကတည်းကပင် ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်၊ မီဒီယာများနှင့် ရွေးကောက်ပွဲကော်မရှင်တို့အကြားဆူဆူညံညံအသံများစွာ ပေါ်ထွက်ခဲ့သည်။ ပါတီများက တပ်မတော်ကို သွားရောက်တိုင်တန်းခဲ့သည့် သတင်းများကိုလည်း ဖတ်ရှုခဲ့ကြရသည်။ ထိုစဉ်က အာဏာရအစိုးရ သည်လည်းကောင်း၊ ကော်မရှင်သည်လည်းကောင်း ဒီမိုကရေစီ ယဉ်ကျေးမှု အရ အလေးဂရုပြုကာ ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ ပြေလည် အောင် ဖြေရှင်းမှုတစ်ခုမှ မပြုလုပ်ခဲ့ဘဲ လျစ်လျူရှုခဲ့သည်။ ထိုစဉ် ကတည်းက စတင်ခဲ့သည့် မီးပွင့် မီးစများကို ငြိမ်းသတ်နိုင်ခဲ့မည်ဆိုလျှင် ယနေ့ဖြစ်ပေါ်နေသည့် မီးတောက်မီးလျှံများ ဖြစ်မလာနိုင်း၊ သမိုင်းတွင် သင်ခန်းစာယူဖွယ်ပင်ဖြစ်သည်ဟု ရှုမြင်နိုင်ကြပါစေကြောင်း။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်