နေပြည်တော်၊ မေ ၂
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ၁ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရုံးကြီးလမ်း၌ မိုင်း၁ လုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လမ်းမကြီးပေါ်မှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီး ၃ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သထုံမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။
အလားတူ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နှင်းဆီးလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ ဦးဖိုးတူ(၆၁)နှစ် (ဘ)ဦးချစ်ဦး ၏ နေအိမ်ခြံဝန်းအားလည်းကောင်း၊ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်းကုန်း ရပ်ကွက်ရှိ ဦးအောင်ဆန်းဝင်း၏ နေအိမ်အား လည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ပရိဘောဂရပ်ရှိ နယ်မြေခံတပ်အားလည်းကောင်း၊ မေလ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နေ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင်၏ နေအိမ်အား လည်းကောင်း၊ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဦးစီးမှူးရုံးအား လည်းကောင်း၊ နံနက် ၉ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ပေါ် ရပ်ကွက်များ၌ လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံး၌လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် အမှတ်(၃)ရပ်ကွက်ရှိ “မွန်းရှိုင်း” တည်းခိုခန်းရှေ့ လမ်းပေါ်၌လည်းကောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ မင်းရပ်တောင်ဘုန်းကြီးကျောင်းအနီး၌လည်းကောင်း၊ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ “သိင်္ဂီ” ဆန်စက်အနီး၌လည်းကောင်း၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ပရိုကိုးဆန်စက်စက်လမ်းနေ ဒေါ်ဝင်းသူဇာ (ခ)သူဇာ (၃၄)နှစ် (ဘ) ဦးဒုတ်၏ နေအိမ်အား လည်းကောင်း၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ဆေးဝါးစက်ရုံ၊ ကမာရွတ်မြို့ နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာရုံးအားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၉)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအားလည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး အားလည်းကောင်း ဆူပူအကြမ်းဖက်သူများက လက်လုပ်ဗုံး များ၊ အသံမိုင်းများဖြင့် လာရောက်ပစ်ခတ်ဖောက်ခွဲခဲ့ရာ နေအိမ်၊ ရုံးအဆောက် အဦများအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
တရားမဝင်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG အဖွဲ့အနေဖြင့် နိုင်ငံတစ်ဝန်းဆူပူ အကြမ်းဖက်မှုများလုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက် လျက်ရှိြပီး ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားအောင် ဆောင်ရွက်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူ များအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေ သူများအား ပြည်သူများနှင့် အတူ ပူးပေါင်း၍ ဖမ်းဆီးရမိရေးနှင့် တရားဉပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။