နေပြည်တော် မေ ၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်း ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေး တက္ကသိုလ် (၁) အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးတက္ကသိုလ် ဘွဲ့လွန်/ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မှာကြား သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ လုပ်ငန်း ပြန်လည် လည်ပတ်နေပြီဖြစ်သဖြင့် သက်ဆိုင်ရာပါမောက္ခဌာနမှူးများ၊ ward in charge များ၏ ကြိုးစားမှုကို ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ယခုထက်ပို၍ ကြိုးစား စေချင်ပါကြောင်း၊ ယခုလက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို စည်းလုံးမှု အင်အားဖြင့် ကျော်ဖြတ်စေလိုပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ ပုံမှန်အတိုင်း မဆောင် ရွက်နိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်လာမည် ဖြစ်ပြီး ကျန်းမာ ရေး အသုံးစရိတ်အတွက် မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲငွေ (Out of pocket expenditure) တက်လာမည်ဖြစ်ပါကြောင်း၊ ဆေးရုံများပုံမှန်အတိုင်း (၂၄) နာရီပြန်လည် ဖွင့်လှစ်နိုင်ပါက ပြည်သူလူထု အတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း။
ကလေးများအတွက် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ မဆောင်ရွက်နိုင်ပါက မကြာမီ နှစ်များအတွင်း ငါးနှစ်အောက် ကလေးသေဆုံးမှုများ မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုအချိန်တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် အသီးသီးသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လိုကြသော်လည်း social mediaများပေါ်မှ social bullying လုပ်ခံရမည် ကိုစိုးရိမ်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်အခက်ခဲရှိနေသည်ကို သိရှိရပါကြောင်း၊ social bullying ဦးဆောင်ပြုလုပ် နေသူများကိုလည်း ဝန်ကြီးဌာနသို့ hotline/email များဖြင့် သတင်းပို့ထားသဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့လွန်/ဘွဲ့ကြို သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက်ဖြစ်ပါကြောင်း။
ဘွဲ့လွန်သင် တန်းသားများအနေဖြင့် သတ်မှတ်ထားသည့် ကျောင်းခေါ်ကြိမ် (၉၀) ရာခိုင်နှုန်း ပြည့်မီရမည် ဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန်များအတွက် ဘွဲ့လွန်ဝင်ခွင့် သင်တန်း လျှောက်လွှာ ပိတ်ရက်များကို တိုးမြှင့်ထားပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်သို့ ဝင်ရောက်နိုင်ရေး တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများ များသည်အရေးကြီးပါကြောင်း၊ အငြိမ်းစား ယူခါနီးဆရာ/မကြီးများ အနေဖြင့်လည်း မိမိတို့အငြိမ်းစားယူသည့်အခါ မိမိတို့ဌာန တိုးတက်ကျန်ရစ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာဝန်ကတိသစ္စာနှင့်ကျင့်ဝတ်ကို လိုက်နာရမည့်အပြင် ဆရာ့ကျင့်ဝတ် ကိုပါလိုက်နာရမည် ဖြစ်ပြီး မိမိတို့၏တပည့်များကို လမ်းမှားမရောက်အောင် ထိန်းကျောင်း ပေးရန်နှင့် အမွေဆိုးမပေးခဲ့ရန်လိုပါကြောင်း၊ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရ သည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ မှထုတ်ပြန်ထား သည့် လမ်းညွှန်ချက်နှင့်အညီ ဖြေလျှော့ပေးနိုင်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွင်သို့ ပြန်လည်တာဝန် ထမ်းဆောင် နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ကာလမှစ၍ယနေ့အချိန်ထိ မိမိတို့ဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်သူလူထုများ၊ စေတနာ့ဝန်ထမ်းများက ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်သွားရောက်နေသူများအနေဖြင့်လည်း မိမိတို့နိုင်ငံ အတွက်အကျိုးရှိမည့် အသိပညာ၊အတတ်ပညာကောင်းများကို သင်ယူရမည် ဖြစ်သော်လည်း မိမိတို့သည် တိုင်းတစ်ပါး၏ ခြယ်လှယ်ကြိုးကိုင်မှုစေခိုင်းမခံရအောင် သတိချပ်ရမည်ဖြစ် ကြောင်း၊ ခေတ်အဆက်ဆက်တွင် မိမိတို့ Professional၏ လိုအပ်ချက်များကို တာဝန်ရှိသူ အသီးသီးက ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင် နိုင်ရေး သက်ဆိုင်ရာဌာနမှူးများတွင် တာဝန်ရှိပါကြောင်း၊ လုပ်ငန်းခွင်မှဝေးကွာနေသည့် မိမိတို့၏လုပ်ဖော်ကိုင်ဖက် တပည့်သားသမီးများကို လုပ်ငန်းခွင်သို့ပြန်လည် ဝင်ရောက် လာအောင် စည်းရုံးခေါ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက လက်ရှိဖွင့်လှစ် လျက်ရှိသည့် ဘွဲ့လွန်သင်တန်းများအခြေအနေ၊ မေ ၃ ရက်မှ စတင်၍ ဘွဲ့လွန်သင်တန်းသားများ၏ ကျောင်းခေါ်ကြိမ် (၉၀)ရာခိုင်နှုန်း ပြည့်မီရေး၊ ဘွဲ့လွန်နှင့်ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဘာသာရပ် ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံသို့ အိမ်နီးချင်း နိုင်ငံများမှဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်မဝင်ရောက်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထား နိုင်ရေး၊ ဝေဘာဂီအထူးကုဆေးရုံ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)ဆေးရုံများ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူလူနာများ လက်ခံကုသနိုင်ရေး၊ contact tracing လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ Quarantine centreများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးစီမံအုပ်ချုပ်မှုကောင်စီနှင့် ညှိနှိုင်းဆောင်ရွက် သွားနိုင်ရေး၊ မြို့နယ်ကုသရေး/ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အနီးကပ် ကြီးကြပ် သွားနိုင်ရေး တို့နှင့်ပတ်သက်၍ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်(၁)ရန်ကုန်ရှိ သန္ဓေဝန်ထမ်းများ နှင့်တွေ့ဆုံ၍ တက္ကသိုလ်ပရဝဏ် စိမ်းလန်းစိုပြေရေး၊ လုံခြုံရေး၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း နှင့်အညီ တာဝန်ထမ်းဆောင်ရေး တို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသို(၁)နှင့် ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ် ဒေါက်တာအေးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ရွှေနှင့် ပါမောက္ခ ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)