Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ခရိုင်အတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၃

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက် တိုးရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ပြည်ရေနံမြေအစည်းအဝေးခန်းမသို့ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာက ရေနံမြေဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ရေနံမြေတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာကောင်းများစွာရှိပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးကို တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခုဖြစ်ပါကြောင်း၊ ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် အဖျက်အမှောင့်လုပ်ငန်းများမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းမှာကြားသည်။

ဆက်လက်၍ ပန်းတောင်းမြို့နယ်ရှိ ကုန်းတွင်းလုပ်ကွက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော အစမ်းတွင်းအမှတ်(၁)နေရာသို့ရောက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေနံ နှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး အစီအမံများချမှတ် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမိုတိုးတက် ထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ဆည်မြောင်းဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ပြည်ခရိုင်စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ဥသျှစ်ပင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပန်းတောင်းမြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ဥသျှစ်ပင်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံစဉ် တက်ရောက်လာသည့် လုပ်ငန်းရှင်များက မိမိတို့မြို့နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှုသည် RON 68၊ 77 တို့သာထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းသုံးစွဲမှု လုံလောက်မှုမရှိပါသဖြင့် ပြည်ပမှဝယ်ယူတင်သွင်းမှုကို မှီခိုနေရပါကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရေး ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါရေနံချက် စက်ရုံစီမံကိန်းများပြီးစီးပါက စက်သုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာဝယ်ယူအသုံးပြုခွင့် ရရှိကြမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင် များအနေဖြင့်လည်း အများပြည်သူများသို့ သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ ဖြန့်ဖြူးရောင်းချရန် လိုအပ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှန်ကန်မှုရှိစေရန် လိုအပ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေ၊ အရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှန်ကန်မှုရှိမရှိ ဌာနပိုင် Mobile Fuel Lab ဖြင့် စစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်