နေပြည်တော် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို နေပြည်တော်၌ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက် အထိ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယနေ့ညပိုင်းတွင် ကချင်ပြည်နယ်မှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်များသည် နေပြည်တော်သို့ရောက်ရှိကြသည်၊၊
ထို့အတူ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အဖွဲ့များသည် နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များသည် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက် တို့တွင် ထပ်မံရောက်ရှိကြမည်ဖြစ်သည်။
ထိုသို့ ရောက်ရှိလာကြသည့် အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်များကို တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခိုနေထိုင်မည့် ရွာတော်တည်းခိုရေးစခန်းရှိ တည်းခိုဆောင်များတွင် နေရာချထားပေးကာ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးကြသည်။
“ပြိုင်ပွဲ ကျင်းပတော့မယ်ဆိုတာကြားသိကတည်းက ကျွန်မတို့ပြည်နယ်အနေနဲ့ ကြိုတင်ပြင်ဆင်မှု၊ စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အခုပြိုင်ပွဲအတွက် ရခိုင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ အုပ်ချုပ်သူ၊ နည်းပြ၊ ပြိုင်ပွဲဝင်စုစုပေါင်း ၈၂ ဦး ပါဝင်ပါတယ်၊၊ နိုင်ငံတော်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတွေကို ထုတ်ပြနိုင်တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်သူ ဒေါ်အေးနီလာကပြောပြသည်၊၊
သတင်းစဉ်