Skip to main content

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၆/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်က ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိ ခံစားမှုလျော့နည်းကျဆင်းရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာကော်မတီဝင်များအနေဖြင့် လုပ်ငန်းခွင်၌ အလင်းရောင်၊ အပူချိန်၊ အသံ၊ အခိုးအငွေ့များနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင်ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သည့် လုပ်ငန်းခွင်များကို ဖော်ဆောင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။

မွန်းလွဲပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရှိ Opal အထည်ချုပ်စက်ရုံ၊ Yangon Nadia Pacific Clothing Co.,Ltd. အထည်ချုပ်စက်ရုံ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ Step Gao Mei Co., Ltd. အထည်ချုပ်စက်ရုံနှင့် Myanto Industrial Co., Ltd. အထည်ချုပ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမား အဖွဲ့အစည်းအဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများ၏ လုပ်ငန်းခွင်ဆိုင်ရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်