တောင်ကြီး အောက်တိုဘာ ၃
ဆေးတက္ကသိုလ်- တောင်ကြီး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့ ဆေးတက္ကသိုလ်-တောင်ကြီး ပင်မဆောင် ဥပစာ၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ဦးဆောင်၍ ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ပန်းချယ်ရီခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ်-တောင်ကြီးကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် (၁၀)နှစ် ပြည့်မြောက်ခြင်းဖြစ်ကြောင်း၊ ဤတက္ကသိုလ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မီပြီး ထူးချွန်ထက်မြက်သော ဆရာဝန် ကောင်းများကို တိုင်းရင်းသားလူမျိုးမရွေး၊ ဒေသမရွေးမွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေးဟူသော ရည်မှန်းချက်များကို ချမှတ်ထားရှိကြောင်း၊ ဤရည်မှန်း ချက်များအောင်မြင်ရန် ကျေးလက်အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်စွာကုသပေးခြင်းဟူသော နည်းဗျူဟာ (၃) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိတွင် ဆေးတက္ကသိုလ်-တောင်ကြီး၌ ဘွဲ့ကြိုကျောင်းသား ကျောင်းသူ ၇၀၃ ဦးနှင့် ဘွဲ့လွန် သင်တန်းသား ၁၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ ဤ တက္ကသိုလ်မှ ဆရာဝန်သစ်များ မွေးထုတ်ပြီးဖြစ်သလို ကျောင်းသား ကျောင်းသူများသည် နိုင်ငံတကာနှင့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆက်တိုက်ရရှိခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ် မေ ၂၂ ရက်တွင်လည်း ဆေးတက္ကသိုလ်မကွေး၏ (၂၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တို့တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ “ရာပြည့်” အထိမ်းအမှတ်အခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားရန်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပါကြောင်း၊ နောင်နှစ်ပေါင်းများစွာတိုင် ဤတက္ကသိုလ်မှ မေတ္တာ၊ ကရုဏာ၊ ပညာနှင့် စာရိတ္တပြည့်စုံသော ဆေးပညာရှင်ကောင်းများ ဆက်လက်မွေးထုတ် ပေးနိုင်စေရန် ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဆေးတက္ကသိုလ်ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဆေးတက္ကသိုလ်ကျောင်းသား ကျောင်း သူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြတင်ဆက်သည်။
ယင်းနောက် အကအဖွဲ့များ ကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး တောင်ကြီးသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာ ပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူ့ဆေးရုံများတွင်သာမက ကျေးလက်နေ ပြည်သူများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးလုပ်ငန်းများ၊ မကူးစက်နိုင် သော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရောဂါများကြောင့် သေဆုံးမှုမရှိစေရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများအပြင် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး တောင်ကြီးမြို့တို့မှ ဆေးရုံအုပ်ကြီးများက ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်