Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် မေ ၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ တက္ကသိုလ်ရိပ် သာလမ်းရှိ အဆိုပါ ရုံးအဆောက်အအုံသစ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ရုံးအဆောက်အဦ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရုံးဆိုင်းဘုတ် ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရည်များ ပျက်ဖြန်းပေးကြသည်။ ထို့နောက် ရုံးအဆောက်အဦသစ်နှင့် ခင်းကျင်းပြသထားသော တိုင်းရင်းသား ပုံပြပုံပြင် စာအုပ်များ၊ တိုင်းရင်းသား ဒေသမှတ်တမ်းဓါတ်ပုံများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။

 

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအခွင့်အရေးများ ရရှိရေးတို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲတွင် လူမှုရေး ဦးတည်ချက်ဖြစ်သည့် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဟူသော ဦးတည်ချက်နှင့်အညီ ရခိုင်ပြည်နယ် အတွင်းမှာရှိသည့် တိုင်းရင်းသားများ အားလုံးအရေးကိစ္စအတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် အောင်မြင်ပြီး မြောက်အောင် အနီးကပ် စီမံဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ် ပထဝီအနေအထားအရ လူဦးရေများပြားသည့် အိမ်နီးချင်းနိုင်ငံတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ လွှမ်းမိုးဝင်ရောက် နိုင်သည်ကို သတိပြုစေချင်ပါကြောင်း၊ စကားပျောက်လျင် ယဉ်ကျေးမှုပါ ပပျောက်မည်ဖြစ်ပြီး ယဉ်ကျေးမှုပျောက်လျင် လူမျိုးပါ ပျောက်သွားနိုင်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူ ပုဒ်မ ၂၂ တွင် “တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန်” ဟုဖော်ပြ ထားပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ ပိုမိုမြှင့်တင်ထိန်း သိမ်းစောင့်ရှောက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာသင် (Teaching Assitant - TA / Language Teacher - LT) ဆရာ/မများ စိစစ်ခန့်အပ်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်တွင် TA (၁၄၅) ဦး၊ LT (၅) ဦး၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် TA (၁၄၈၂) ဦး ခန့်အပ်ခဲ့ပြီး ဖြစ်ပါကြောင်း။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် TA လျာထား (၁၆၄၉)ဦးအတွက် အဆိုပြု လျှောက်ထားသူ ရခိုင် (၉၀၂၁) ဦး၊ ချင်း (၁၆) ဦး၊ ဗမာ (၁) ဦး စုစုပေါင်း (၉၀၃၈) ဦးတို့၏ လျှောက်လွှာများကို စိစစ်လက်ခံခဲ့ပြီး ခန့်အပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း။

အဆိုပါ TA/LT ဆရာ/မများ ပိုမိုခန့်ထားနိုင်ရေး၊ လုပ်အားခနှင့်ထောက်ပံ့ငွေများ ပိုမို ထောက်ပံ့နိုင်ရေးတို့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က မတ် ၁၅  ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၁)တွင် လမ်းညွှန် မှာကြားခဲ့သည့်အတွက် မတ် ၂၄ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနကနေ နိုင်ငံတော်ရန်ပုံငွေ ထပ်မံတောင်းခံ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်ကို အသိပေးပြောကြား လိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ သို့လည်း မိမိတို့ဝန်ကြီးဌာန အနေဖြင့် စာပေသင်ကြားခွင့် တရားဝင်ရရှိပြီး ဖြစ်သော တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသော ပုံပြပုံပြင်စာအုပ်များကို ဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စာအုပ်ပေါင်း (၉၀၆၁၄)အုပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် (၉၀၆၁၄)အုပ် ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွက်လည်း ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်၊ ချင်း စသည့် တိုင်းရင်းသားများ အေးအတူပူအမျှ စုပေါင်းနေထိုင်လျက် ရှိကြပါကြောင်း၊ ဖော်ပြပါ လူမျိုးစုများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တရားဝင်အခွင့်အရေး များရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုများ ပိုမိုဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ရခိုင်ပြည်နယ်သည် ပိုမိုအေးချမ်းသာယာလာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း ပိုမိုအောင်မြင် လာမည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ နှစ်စဉ်ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိရာ ရခိုင်ပြည်နယ်အုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှတစ်ဆင့် ဒိုင်းနက်(သက္ကမ) တိုင်းရင်းသားတို့၏ ၂၀၂၁ ခုနှစ်သင်္ကြန် ဘီဇူးမေလာပန်းမျှောပွဲကျင်းပရန် ငွေကျပ်(၅၄) သိန်းနှင့် ဧပြီ(၂၇)ရက်တွင် ကျင်းပခဲ့သည့် ခမီအမျိုးသားနေ့အတွက် ငွေကျပ်သိန်း(၂၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ထပ်မံ၍လည်း ကျန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ထပ်မံတောင်းခံလာပါက စိစစ်ပြီး ကူညီထောက်ပံ့မှုများ ပေးအပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်အမှာစကားနှင့် ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းကို ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် စစ်တွေမြို့ (View Point)နှင့် ပင်လယ်ကမ်းခြေနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စစ်တွေဆိပ်ခံတံတားသို့ သွားရောက် ကြည့်ရှု လေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)