တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူ နိုင်ငံရေးအစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်းနှင့် CDM တွင် ပါဝင်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများ၏ လှုံ့ဆော်ပေးမှုများကြောင့် စိတ်ခံစားလွယ်သူ၊ စိတ်ခံစားချက်ပြင်းထန်သူများသည် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ အချို့ မြို့များတွင် စစ်အာဏာထိန်းမှုကို မလိုလားသဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ လူတန်းစား ပေါင်းစုံပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု (Peaceful Protest) ကို ပထမအဆင့် ပြုလုပ်ခဲ့ကြသည်။ ထို့နောက် NLD ထောက်ခံသူများ၊ နိုင်ငံရေးသမားများ၏ အသုံးချခံလူငယ်များ၊ CDM ဝန်ထမ်းများ၊ အားပေးမြှောက်ပင့်သူများက NLD အာဏာပြန်ရရေးအတွက် လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှု (Riot) ကို ဒုတိယအဆင့် ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ NLD ထောက်ခံသူများ၊ နိုင်ငံရေးသမားများ၏ အသုံးချခံ လူငယ်များက အစိုးရယန္တရားရပ်ဆိုင်းရေးအတွက် လူစုလူဝေးဖြင့်ဆူပူအကြမ်းဖက် ဆန္ဒပြမှု (Anarchy Mob) ကို တတိယအဆင့် လုပ်ဆောင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် တက်၍ NLD အစွန်းရောက်များ၊ ကြေးစားလူဆိုးလူမိုက်များ၊ လူရမ်းကားများ၊ ဝရမ်းပြေးများက တရားဥပဒေအရ အရေးယူမခံရရေး၊ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်စီးရေးအတွက် ရရာလက်နက်ဖြင့် တိုက်ခိုက်ခြင်း (Insurrection) ကို စတုတ္ထ အဆင့် လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ NLD အစွန်းရောက်များ၊ ကြေးစားလူဆိုး လူမိုက်များ၊ လူရမ်းကားများ၊ ဝရမ်းပြေးများက တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး အတွက် အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) ပြုလုပ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) ကို ပြုလုပ်ကြရာတွင် အစွန်းရောက် အကြမ်းဖက်သမား အနည်းငယ်တို့က မြို့ပြများတွင် အလစ်အငိုက် ကွက်ကျား တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ဖြစ်ပြီး ယခုအခါ နိုင်ငံရေးသမား အစွန်းရောက်များ၏ ကျေးလက်ထိတိုင် သွေးထိုးလှုံ့ဆော်ပေးမှုများကြောင့် ကျေးလက်တောရွာများ၌ နိုင်ငံရေးကို သိနားလည်ခြင်းမရှိဘဲ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) ပုံစံ ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်ပြိုကွဲပျက်စီးစေရန် ပြည်တွင်း၊ ပြည်ပ အဖျက်သမားများသည် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခြင်းမရှိဘဲ မသိနားမလည်သောပြည်သူများအား သွေးထိုးလှုံ့ဆော်ခဲ့ရာတွင် ကျေးလက်ဒေသအချို့ အထိ ခရီးရောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
မတ်လ ၂၇ ရက်မှစ၍ ယနေ့အချိန်အခါအထိ အကြမ်းဖက်တိုက်ခိုက်သူ (Terrorist) တို့သည် လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးနှင့် လက်ပစ်ဗုံးများကို အသုံးပြု၍ဧပြီလဆန်းမှစတင်ကာ အုပ်ချုပ်ရေးရုံးများ၊ စာသင်ကျောင်းများ၊ မော်တော်ယာဉ်လိုင်းများ၊ စီးပွားရေးလုပ်ငန်းများကို မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လာသည့်အပြင် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်အမျိုးမျိုးစွဲကိုင်၍ ချောင်းမြောင်းတိုက်ခိုက်သည်အထိ လက်ရဲဇက်ရဲ ပြုလုပ်လာကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရကျဆုံးရသည်အထိ ဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်၊ တိုင်းပြည်ပြိုကွဲပျက်စီးအောင် အကြမ်းဖက် တိုက်ခိုက်မှု (Terrorism) အဆင့်အထိ ပြုလုပ်လာသော်လည်း လုံခြုံရေးတပ်ဖွဲ့ များအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်၊ အနည်းဆုံးသော ဖြိုခွဲမှုအဆင့်သာ အရေးယူဆောင်ရွက်မှု ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းကို အခွင့်ကောင်းယူ၍ ဆက်လက်ဇွတ်ထိုး လုပ်ဆောင်လာကြပါက ထိရောက်သော အရေးယူရှင်းလင်းဆောင်ရွက်မှု ပြုလုပ်ခံရမည်ကို မသိနားမလည်သော ပြည်သူများအနေဖြင့် သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် တိုင်းပြည်ကိုဖျက်ဆီးမည့် အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) မှန်သမျှကို အမြစ်ကမကျန် ရှင်းလင်းဖြိုဖျက်ပစ်နိုင်သည်ကို လေ့လာကြည့်သင့်သည်။
သို့ဖြစ်ရာ သာမန်ရိုးသားသည့်ပြည်သူများ၊ နိုင်ငံရေးအရောင်အသွေးမရှိသည့် လူငယ်များအား ခုတုံးလုပ်အသုံးချပြီး သပိတ်စုံသူပုန်စိတ်ဖြစ်အောင်၊ အဖျက်သမားများဖြစ်အောင် ဖန်တီး လုပ်ဆောင်နေမှုများသည် တိုင်းပြည်အနာဂတ်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုမှန်သမျှအား တွန်းလှန်ကာကွယ်သွားမည်သာ ဖြစ်ပါကြောင်း။ ။