နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ၊ မောင်တောမြို့၊ အမှတ် (၁) လူဝင်/ ထွက်စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပသည်။
အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ၇ ဦးနှင့် အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်) မှ တပ်ရင်းမှူး Lt.Col. Mohammad Faisal Hasan Khan ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်/ထွက်သွားလာမှုများအား တားဆီး ထိန်းသိမ်းပေးရေး၊ နယ်စပ်ဒေသနေပြည်သူများအား အသိပညာပေးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း များမဖြစ်ပေါ်စေရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရန်တို့အတွက် အပြန်အလှန် သတင်း ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄ ဦးကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့မှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၂ ဦး၊ တရားမဝင် ငွေကြေးလဲလှယ်သူ ၁ ဦးနှင့် တရားမဝင်ကုန်စည်ပို့ဆောင်သူ ၁ ဦးတို့ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၊ အပိုင်း (၂)၊ အပိုဒ် (၇) နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)