Skip to main content

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦးလွတ်မြောက်

စစ်တွေ၊ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၅၉/ ၂၀၂၁နှင့် ၆၀/၂၀၂၁ တို့ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ရာ စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦး လွတ်မြောက် လာကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်း သူများမှလည်း တစ်ဖက်တစ်လမ်းမှအကျိုးပြုစေမည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲပေးရန် အတွက် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက် ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြရသော နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူများကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

ထို့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၂၁၈ ဦး၊ အကျဉ်း သူ ၃၁ ဦး လွတ်မြောက်ခဲ့ပြီး ၎င်းတို့အနက် နိုင်ငံခြားသားတစ်ဦး ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ဆက်)