ကျုံပျော် ဖေဖော်ဝါရီ ၁
၁၂ ကြိမ်မြောက် ကျပ်သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆုကြီးကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆင်နှစ်ကောင်ကျေးရွာမှ ဦးဇော်မင်းထွန်း၊ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်း မိသားစုက ယနေ့ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။
" ကျွန်မက အခုထီလာရောင်းတဲ့သူဆီမှာ ထီထိုးနေတာ ၆ လလောက်ရှိပါပြီ။ လတိုင်းထိုးမယ်လို့ ပြောထားလို့ သူကလည်း အိမ်ကို လာလာပြီးရောင်းပါတယ်။ ဒီတစ်ပတ် (၉)စောင်ထိုးတဲ့အထဲကမှ အခုဆုကြီးကို ပေါက်ခဲ့တာပါ။ မနက်က ထီဆိုင်ပိုင်ရှင်နဲ့ ရောင်းတဲ့သူတို့ ရောက်လာပြီး ၁၅၀၀၀ ဆုပေါက်တယ်လို့ပြောတော့ ၊ ထိုးထားတာက (၁၂၀၀၀) ကျပ်ဖိုးဆိုတော့ ငွေ(၃၀၀၀)တော့မြတ်တာပေါ့လို့ စိတ်ထဲတွေးမိသေးတယ်။ နောက်သူတို့က ကိုယ်ရဲ့ပုံစံကိုကြည့်ပြီး သိန်း ၁၅၀၀၀ ဆုကြီးပေါက်တာနော်လို့ပြောတော့ တကယ့်ကို မယုံနိုင်ဘူး။ ထီလက်မှတ်သွားယူပြီး On Line မှာ တိုက်ကြည့်မှပဲ ယုံမိတာပါ။ သိပ်ပြီး ဝမ်းသာပါတယ်။ လက်ရှိတော့ နှစ်ဖက်မိဘကို ကန်တော့မယ်၊ ရွာက ဆောက်လက်စ ဘုန်းကြီးကျောင်းအဆောက်အဦကြီးကို ပြီးအောင်ဆောက်ပြီးလှူမယ်၊ ရွာက နာရေးကူညီမှုမော်တော်ကား တည်ထောင်ဖို့အတွက် ငွေလှူမယ်။ ကျန်တာတွေတော့ နောက်မှ တဖြည်းဖြည်းစဉ်းစားပြီးလှူဒါန်းသွားဖို့လုပ်ပါ့မယ်။ အခုတော့ ဝမ်းသာနေတာနဲ့ပဲ အများကြီးမစဉ်းစားနိုင်သေးဘူးဖြစ်နေတယ်။ အခုထီဆုကြီးပေါက်ပေမယ့် ကျွန်မ အခုလုပ်နေတဲ့ ကျောင်းဆရာမအလုပ်ကိုပဲ ဆက်ပြီးလုပ်သွား မှာဖြစ်ပါတယ်" ဟု ဆရာမဒေါ်ခိုင်ခိုင်ဝင်းက ဆိုပါသည်။
ယခု ထီဆုကြီးရရှိသူ မိသားစုအနေဖြင့် အမျိုးသားဖြစ်သူ ဦးဇော်မင်းထွန်းက ဆိုင်ကယ်ပြင် လုပ်ငန်းကို လုပ်ကိုင်ပြီး၊ ဇနီးဒေါ်ခိုင်ခိုင်ခိုင်ဝင်းက အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆရာမ အလုပ်ကို လုပ်ကိုင်လျက်ရှိကာ သားသမီး ၂ ဦးနှင့်အတူ နေထိုင်လျက်ရှိကြောင်းသိရသည်။
နေဝင်း(ပြန်/ဆက်)