ပဲခူး ဇန်နဝါရီ ၁၆
ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ (၆)ထပ်စုပေါင်းရုံးတွင် ယနေ့ နံနက် ၈နာရီက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင် ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးမျိုးဝင်း၊ ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်၊ ပဲခူးခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင် များက သဘာဝဘေးဖြစ်သည့် အင်အားပြင်းထန်သော ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက သတင်းရလျှင် ရခြင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးငြှိမ်းသတ် နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့က အမြန်ဆုံး ထွက်ခွာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်မှု၊ မီးငြိမ်းသတ်မှု၊ ဓာတ်ငွေ့ယိုစိမ့်မှုရှိ/မရှိ ဓာတ်ငွေ့ ထောက်လှမ်းကိရိယာ(Gsa Detector)ဖြင့် ထောက်လှမ်းတိုင်းတားခြင်း၊ အဆောက်အဦ တည်ငြိမ်မှုရှိ/မရှိ ရွေ့လျားမှု အာရုံခံကိရိယာ (Leader Sentry)အသုံးပြုထောက်လှမ်းခြင်း၊ ခေတ်မီရှာဖွေရေးသုံး ပစ္စည်း ကိရိယာများဖြစ်သည့် အသံလိုင်း ထုတ်လွှင့်ရှာဖွေရေးကိရိယာ(Leader Hasty) နှင့် အပူထောက်လှမ်း ပုံရိပ်ဖမ်းကင်မရာ TIC(Thermal Imaging Camera)ဖြင့် အဆောက်အဦအတွင်း ပိတ်မိနေသူများအား ရှာဖွေခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒဏ်ရာရလူနာများအား အရေးပေါ် ကုသပေးမှုများကို သရုပ်ပြသ ကြသည်။
ထို့နောက်ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း အချိန်အခါအလျောက်ဖြစ်ပေါ်လာနိုင် သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့်သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော် တုန့်ပြန် ဆောင်ရွက်နိုင်ရန် နည်းပညာ၊ လူအင်အား၊ စက်ယန္တရားနှင့် ပစ္စည်းကရိယာများ ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရန်၊ မိမိတို့၏ စွမ်းအားစုများကို အမြဲအသင့်ဖြစ်နေစေရန်၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် သွားရန် နှင့် အခြားသောဘေးအန္တရာယ် အမျိုးမျိုး အတွက် အလားတူလေ့ကျင့်ခန်းများကို အခါအားလျှော်စွာ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားပြီး ပါဝင် သရုပ်ပြသပေးကြသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေ(၅) သိန်းကျပ် ချီးမြှင့်ပေးအပ်ကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)