နေပြည်တော် ဇန်နဝါရီ ၇
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ မှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ များ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြား ရေးနှင့်နေရာချထားရေး၊ အလံတင်အခမ်းအနားစီစဉ်ကျင်းပရေး၊ မြေစိုက်ပိုစတာများ စိုက်ထူရေး၊ ကျန်းမာရေး၊ စာရင်း စစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ က (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးတို့မှ မိမိတို့ဆပ်ကော်မတီ အလိုက် တာဝန်ယူ ဆောင်ရွက် ရမည့် လုပ်ငန်းများကို လိုအပ်ချက် မရှိအောင် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)