Skip to main content

တရုတ်နိုင်ငံမှ အဲကွန်းလေအိတ်ရထားတွဲသစ်များ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

ရန်ကုန်   ဇန်နဝါရီ    ၅

မြန်မာ့မီးရထားမှ ရထားစီးခရီးသွားပြည်သူများ သက်သောင့်သက်သာသွားလာ နိုင်စေရန်အတွက် တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက် ပိုင်းတွင် ရောက်ရှိလာပြီဖြစ်သည်။
ပို့ဆောင်လျက်ရှိ
အဲကွန်းလေအိတ်ရထားတွဲသစ် ၂၈ တွဲတင်ဆောင်လာသော DU JUAN SONG အမည်ရှိ ပင်လယ် ကူးသင်္ဘောမှာ အပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်း သို့  ဆိုက်ကပ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး  တွဲသစ်များ ထိန်းသိမ်း ထားရှိရန်အတွက် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ပေးတဲ့ ပုံစံအတိုင်း ဆောင်ရွက်ထားတာမို့ မီတာဂိတ်တူတူ ဆိုတော့ အသုံးပြုရအဆင်ပြေ တဲ့အတွက် ဒီတိုင်းလည်းတွဲသစ်တွေနဲ့ မောင်းနှင် ပြေးဆွဲလို့ရပါတယ်။ လမ်းပိုင်းအဆင့်မြှင့်တင်ပြီးရင်  တစ်နာရီကို ကီလိုမီတာ တစ်ရာနှုန်းနဲ့ ရထားပြေးဆွဲသွားမှာဆိုတော့ ခုရောက်ရှိလာတဲ့ တွဲသစ်တွေကို  နည်းနည်းပါးပါးပဲ    ပြင်ဆင်ဆောင်ရွက်ရမှာပါ။    ပြီးတာနဲ့စမ်းသပ်ပြေးဆွဲပြီး ခရီးသည်များအတွက် လုံခြုံစိတ်ချရပြီ ဆိုတော့မှ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ လောလောဆယ် ကိုဗစ်ကာလဆိုတော့ စက်ရုံထဲမှာပြင်ဆင်တာနဲ့ ကြိုတင် ဆောင်ရွက်ထားတာပဲရှိပါမယ်”ဟု   မြန်မာ့မီးရထား    အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)ဦးအောင်သူလတ်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီက ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်နှင့် မန္တလေး-မြစ်ကြီးနားခရီးစဉ်များ အတွက် လေအိတ်ရထားတွဲ ငါးတွဲဖြင့် အစုန်၊ အဆန်ပြေးဆွဲခဲ့ရာ  ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးဝေး ရထားများ  ပြေးဆွဲပြီ ဆိုပါက ခရီးသည်များအတွက် လိုအပ်ချက်ရှိမည့်လမ်းပိုင်းတွင် ယခုအသစ် ရောက် ရှိလာသော အဲကွန်းလေအိတ်ရထားတွဲသစ်များအား ထည့်သွင်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရသည်။
သတင်း(ပွင့်သစ္စာ)၊ ဓာတ်ပုံ(စိုးမြင့်အောင်)