ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်တို့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် သတင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံမျက်နှာစာများတွင်သာမက ကမ္ဘာ့သတင်းစာမျက်နှာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်ကိုတွေ့ရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံတကာမျက်နှာစာတွင် ကြီးကျယ်ခမ်းနားထည်ဝါပြီး ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသော သမိုင်းဝင်နေ့ရက်များကို အကောင်အထည်ဖော်နိုင်ခဲ့သည်နှင့်အမျှ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာအားကောင်းလာခဲ့သည်။