ယနေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံတကာမျက်နှာစာတွင် ကြီးကျယ်ခမ်းနားထည်ဝါပြီး ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးတို့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်-မြန်မာ အလံငယ်လေးများ ကိုင်ဆောင်ကာ တက်ကြွပျော်ရွှင်က ခုန်သီဆို ဝှေ့ယမ်းနှုတ်ဆက်ကြသည့် တရုတ်နိုင်ငံသူ နိုင်ငံသား ချစ်စဖွယ်ကလေးငယ်လေးများ၊ ခံ့ညားထည်ဝါပြီး အလွန်စမတ်ကျသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၏ တရားဝင် ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားမြင်ကွင်းများသည် အံ့မခန်းမှင်တက်ငေးမောစရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။