နေပြည်တော် ဇူလိုင် ၂၉
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မာစကြာတရားများကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌လည်း ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူများဖြင့်စည်ကားခဲ့ပြီး ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်ကိုရွတ်ဆိုပူဇော်ခြင်း၊ သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် ဝါဆိုလပြည့်အခါသမယတွင် ကုသိုလ်ကောင်းမှုပြုကြသည်။
ထို့အတူ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြိုနယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
အေးချမ်းစွာကုသိုလ်ပြု
အလားတူ နေပြည်တော်ရှိ အခြားဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် မိသားစုလိုက်၊ အစုအဖွဲ့လိုက် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် အေးချမ်းစွာကုသိုလ်ပြုကြသည်။
ယနေ့ ဝါဆိုလပြည့်နေ့သည် အများပြည်သူရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ အထင်ကရ အပန်းဖြေအနားယူရာနေရာများတွင် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အနားယူအပန်းဖြေကြသည့် ပြည်သူများအား တွေ့ရသည်။
သတင်းစဉ်
