Skip to main content

စည်းနှင့်ကမ်းနှင့် အမှိုက်စွန့်ပစ်မှ လူနေမြို့ရွာ သန့်ရှင်းလှပသာယာ

မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီက နေ့စဉ်ပျမ်းမျှ အမှိုက် ၀ ဒသမ ၃၅ ကီလိုဂရမ်မှ ၀ ဒသမ ၅၃ ကီလိုဂရမ်ဝန်းကျင် စွန့်ပစ်နေကြသည်ဟု မှတ်သားရဖူးသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၀၀၀၀ ကျော် စွန့်ပစ်နေခြင်းဖြစ်ရာ လူတိုင်းက စည်းနှင့်ကမ်းနှင့် စနစ်တကျစွန့်ပစ်ကြမှသာ လူနေရပ်ရွာတို့ သန့်ရှင်းသပ်ရပ်သာယာလှပနိုင်မည်ဖြစ်သည်။

မကြာသေးမီကသတင်းများအရ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့နှင့်ပတ်ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များ ဆွဲဆောင်ရာနေရာများတွင် လာရောက်လည်ပတ်ကြသူများ စည်းကမ်းမဲ့စွာ ပစ်သွားကြသည့်အမှိုက်များကို ဒေသခံဝန်ထမ်းများနှင့် ပြည်သူများက အပတ်စဉ်ရှင်းလင်းနေကြရကြောင်း သိရှိရသည်။ အခြားမြို့ရွာဒေသများတွင်လည်း အမှိုက်ပြဿနာများရှိနေကြသည်ကိုတွေ့ရှိနိုင်ရာ အမှိုက်များ လက်လွတ်စပယ်၊ အလွယ်တကူပစ်တတ်ကြသည့်စရိုက်များကို ပြုပြင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ခရီးသွားအများအပြားလာတတ်ကြသည့်နေရာများတွင် အမှိုက်ကိုစနစ်တကျပစ်ရန် သတိပေးခြင်း၊ အမှိုက်ပုံး၊ အမှိုက်ကန်များ စနစ်တကျချထားပေးခြင်း၊ စည်းကမ်းဖောက်ဖျက်မှုကို ချက်ချင်းအရေးယူခြင်းနည်းလမ်းများဖြင့် ထိန်းကျောင်းသွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသူနိုင်ငံသားတို့ နေ့စဉ်အမှိုက်ပစ်ကြသည့်နှုန်းကို ဒေသခွဲခြားကြည့်ပါက လူတစ်ဦးချင်းစီနှိုင်းယှဉ်လျှင် ကျေးလက်ဒေသတွင် ၀ ဒသမ ၂၂ ကီလိုဂရမ်မှ ၀ ဒသမ ၃၇ ကီလိုဂရမ်အထိပစ်ကြပြီး မြို့ပြဒေသတွင် ၀ ဒသမ ၇၃ ကီလိုဂရမ်မှ ၀ ဒသမ ၉၁ ကီလိုဂရမ်အထိ စွန့်ပစ်ကြသည်ဟုဆိုသည်။ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် ၀ ဒသမ ၈ ကီလိုဂရမ်ဝန်းကျင်စွန့်ပစ်ကြရာ မြို့သူမြို့သားတို့က အမှိုက်ပိုထွက်ကြသည့် သဘောပင်ဖြစ်သည်။ ရန်ကုန်တစ်မြို့လုံးမှ နေ့စဉ်အမှိုက်တန်ချိန် ၂၅၀၀ ကျော်၊ မန္တလေးတစ်မြို့လုံးမှ နေ့စဉ်အမှိုက်တန်ချိန် ၁၀၀၀ ကျော် ထွက်ရှိနေခြင်းဖြစ်ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး သုံးမြို့မှထွက်ရှိသည့် အမှိုက်ပမာဏစုစုပေါင်းလျှင် တစ်နိုင်ငံလုံးမှထွက်သည့် အမှိုက်များ၏ ထက်ဝက်နီးပါးရှိနေသည်။

နေ့စဉ်ထွက်ရှိနေသည့်အမှိုက်များမှာ မီးဖိုချောင်ထွက်အမှိုက် (organic) က အများဆုံးဖြစ်ပြီး အမှိုက်အားလုံး၏ ၅၄ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။ ထို့နောက်တွင် ပလတ်စတစ်က ၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း၊ စက္ကူနှင့်ကတ်ထူများက ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း၊ ဖန်၊ သတ္တုနှင့် အခြားအမှိုက်များက ၁၀ ရာခိုင်နှုန်းဖြစ်ရာ ဆွေးမြည့်လွယ်သော organic အမှိုက်များကို ခွဲခြားစွန့်ပစ်နိုင်လျှင်ပင် အမှိုက်ပမာဏထက်ဝက်ကျော်မှသည် သုံးပုံနှစ်ပုံခန့်အထိ လျော့ကျသွားနိုင်မည်ဖြစ်သည်။

အမှိုက်ပုံးများ၊ အမှိုက်ကန်များအပါအဝင် အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသောနေရာများသို့ ရောက်မသွားဘဲ နောက်ဖေးလမ်းကြားများ၊ ရေနုတ်မြောင်းများ၊ လူသွားစင်္ကြံများနှင့် လမ်းဘေးများတွင် စုပုံစွန့်ပစ်ထားသည့် အမှိုက်များက ခြင်၊ ယင်၊ ကြွက်နှင့် ပိုးမွှားပေါင်းစုံတို့ ခိုအောင်းရာ၊ ပေါက်ပွားရာနေရာများဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ လူများ၏ကျန်းမာရေးကိုထိခိုက်စေသည်။ ရေစီးရေလာကိုပိတ်ဆို့စေပြီး ရေဆိုးများနှင့် အနံ့ဆိုးများဖြစ်ပေါ်စေသလို မိုးရွာသည်နှင့် ရေလျှံမှုကို ဖြစ်ပေါ်စေသည်။ ရေဆိုးများက ရေပိုက်များနှင့် ရေတွင်း၊ ရေကန်များအတွင်း စိမ့်ဝင်ပါက သောက်သုံးရေကို ညစ်ညမ်းစေသည်။

ထို့အပြင် ရေသန့်ဘူး၊ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်ဘူး၊ ခွက်များ၊ အအေးပိုက်များ၊ ဖော့ဘူးခွံများ စသည့်ပလတ်စတစ်ညစ်ညမ်းမှုမှာလည်း မိမိတို့နိုင်ငံတွင်ရော အခြားနိုင်ငံများ၌ပါ ကမ္ဘာလုံးဆိုင်ရာ ညစ်ညမ်းမှုပြဿနာဖြစ်သည်။ အလွယ်တကူ စွန့်ပစ်လိုက်သည့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို မြစ်ချောင်းများထဲတွင် တွေ့မြင်နိုင်ပြီး ၎င်းတို့မှာ ပင်လယ်သမုဒ္ဒရာများဆီသို့ ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် နဝမမြောက်အညစ်ညမ်းဆုံးမြစ်ဖြစ်ကြောင်း၊ နေ့စဉ်အမှိုက် ၁၁၉ တန် မြစ်ထဲမှတစ်ဆင့် ပင်လယ်ထဲသို့စီးဝင်နေကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားရာ မြစ်ကမ်းနံဘေးမြို့ရွာများတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ကိုအမှိုက်စွန့်ပစ်စရာနေရာအဖြစ် အသုံးမပြုဘဲ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးမှုများ၊ တားဆီးဆော်သြမှုများမှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်တိုင် အကျင့်ဆိုးများကို မပြင်နိုင်ကြသေးသည်ကို တွေ့မြင်နေရပြီး အနာဂတ်တွင်လည်း ပြင်နိုင်ဖွယ်မမြင်သည့်အလျောက် ဒေသအလိုက် စည်ပင်သာယာရေးဥပဒေ၊ ဒေသန္တရဥပဒေများဖြင့် စည်းကမ်းကြပ်မတ်ကြရမည်ဖြစ်သည်။ အထူးသန့်ရှင်းသပ်ရပ်သည့် နိုင်ငံများ၊ မြို့များဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး ထိရောက်စွာအရေးယူမှုများဖြင့် ထိန်းကျောင်းထားခြင်းသာဖြစ်ရာ တစ်မျိုးသားလုံး စည်းကမ်းတကျ အမှိုက်စွန့်ကြရန် အလေ့အကျင့်ပြုကြရပါမည့်အကြောင်း။ ။